ထားဝယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ

0
2303

ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦး၏ဖခင် ဦးအောင်ဖေအား စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် ပြင်ထိန်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ဝင်ဖမ်းတဲ့အချိန်မှာ ဟိုးအရင်က ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုတွေ့တယ်။ နှင်းဆီရောင် အမျိုးသမီးသဂ္ဂ အင်္ကျီကတစ်ထည်တွေ့တယ်ထင်တယ်။ ဘက်ထရီအိုးနှစ်လုံးဆက်တဲ့နေရာမှာသုံးတဲ့ ကြိုးတစ်ချောင်းလည်း ရှာထုတ်လာပြီးတော့ ဒီကြိုးက အိမ်မှာသုံးလို့ မရဘူးဆိုတာ မသိဘူးလားပြောပြီး ကျွန်တော့်အဖေကို ကန်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ဖမ်းသွားတာပေါ့” ဟု ကိုမင်းလွင်ဦးက ပြောသည်။

ကိုမင်းလွင်ဦးသည် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အစဉ်တစ်စိုက် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူလည်း ဖြစ်သည်။

ကိုမင်းလွင်ဦး၏ ဖခင်မှာ သာမာန်လယ်သမားတစ်ဦးသာဖြစ်ပြီး မိုးရာသီလယ်စိုက်ပျိုးရန် ပြင်ဆင်နေသည့်အချိန်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကိုမင်းလွင်ဦးကို ဖမ်းမမိသဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခြင်းသည် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်ကလည်း ကိုမင်းလွင်ဦး၏ မိခင် ဖမ်းဆီးခံရဖူးပြီး ရက်ပိုင်းမျှ စစ်ဆေးပြီးနောက်ပြန်လွှတ်ပေးလိုက်သည်။

ကိုမင်းလွင်ဦး၏ ဖခင် ဖမ်းဆီးမခံရမီ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သပိတ်ကော်မတီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့သည်။

ကိုမင်းလွင်ဦး၏ ဖခင်မှာ လက်ရှိတွင် လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်သိမ်းခံထားရကြောင်း စုံစမ်းသိရသည်။