မဲဆောက်တွင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ၁၀ နှစ်ခံကတ်ထုတ်ပေးမှုဖြင့် ထိုင်းဝန်ထမ်း ၃ ဦးကို အရေးယူ

0
2349

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၃ လကျော်ကာလအတွင်း မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ဆယ်နှစ်ခံကတ်လုပ်ပေးခဲ့သော မှတ်ပုံတင်ဌာနက ဝန်ထမ်း ၃ ဦးကို နေရာပြောင်းရွှေ့ အရေးယူလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအား တောင်ပေါ်သားကတ် ဟုခေါ်သည့် ဆယ်နှစ်ခံကတ်ကို ပြုလုပ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဝန်ထမ်း ၃ ဦးကို နေရာပြောင်းရွှေ့ရန် အမိန့်ထုတ်လိုက်ကြောင်း ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

တောင်ပေါ်သားကတ် ခေါ် ဆယ်နှစ်ခံကတ်သည် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် တောင်ပေါ်ဒေသတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာရောက် အခြေချနေထိုင်သူများ အချိန်ကြာမြင့်လာပါက နှစ်ရှည်နေထိုင်ခွင့်အတွက် ထုတ်ပေးထားသော ကတ်တစ်မျိုးဖြစ်သည်။

ယခုထုတ်ပေးထားသော မြန်မာနိုင်ငံသား ၇၀၀ ကျော်တွင် နိုင်ငံရေးအခြေအနေကြောင့် မဲဆောက်သို့ ရွှေ့ပြောင်းလာခဲ့ပြီး ဒုက္ခသည်ခံယူထားသူများ၊ စစ်အာဏာရှင်ကို တော်လှန်နေသူများလည်း ပါဝင်နေကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါကတ်များကို တစ်နေ့လျှင် ပျမ်းမျှ ၁၅ ဦးမှ ၂၀ ဦးနှုန်းဖြင့် ၃ လကျော်ကာလအတွင်း လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

ကတ်ပြုလုပ်ရန်အတွက် တစ်ဦးလျှင် ဘတ် ၄၀၀၀၀ မှ ၁ သိန်းအထိ ကောက်ခံနေခဲ့ပြီး ကတ်ပြုလုပ်ရာမှ ကောက်ခံရရှိငွေအားလုံး ဘတ် သန်း ၃၀ အထိရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ကို မကျေနပ်ကြသော ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မဲဆောက်ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်တိုင်ကြားမှု များပြားလာခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက မှတ်ပုံတင်ရုံးကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ယခုပြောင်းရွှေ့ခံရသော ဝန်ထမ်းများသည်လည်း ဆယ်နှစ်ခံကတ်ပြုလုပ်ရန် စာရွက်စာတမ်းများကို လက်ခံသူများသာဖြစ်ပြီး ကတ်ပြုလုပ်ပေးဖို့ အခွင့်အာဏာမရှိကြကြောင်း‌ ဖော်ပြထားသည်။

ဆယ်နှစ်ခံကတ်ပြုလုပ်ပေးမှုအတွက် ပါဝင်ပတ်သက်သူများကို ခရိုင်အုပ်ချုပ်ရေးမှူးက စတင်စစ်ဆေးနေပြီး ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: PPTV HD 36, Matichon Online, Thai PBS News