စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လောင်းလုံး PDF တစ်ဦးကျဆုံး

0
2239
ဓာတ်ပုံ - လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

လောင်းလုံးမြို့နယ် မြို့မရဲစခန်းနှင့် အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် ပကဖ အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့်ဇွန်လ ၁၂ ရက် ည ဆယ်နာရီ ခွဲအချိန်တွင် လောင်းလုံးမြို့မ ရဲစခန်းနှင့် သဲပုံရွာ အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

နှစ်ဖက်အပြန်လှန်ပစ်ခတ်ချိန် မိနစ်သုံးဆယ်ခန့်ကြာပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဆီဘူး ဆိုသူမှာ လက်နက်ကြီး မတော်တဆဖြစ်ပြီး ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ၏ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးပကဖကထုတ်ပြန်ထားသည်။

ယင်း ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ရေ နှစ်ဆယ်ကျော်ခန့် အပြန်လှန်ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

“အိပ်ပါတုန်တယ် အနားမှာလာရောက် ပစ်ခတ်သလိုမျိုးခံစားရတယ်”ဟု လောင်းလုံးမြို့နယ် သဗျာရွာဒေသခံတစ်ဦးက ပြောသည်။

ယင်းလက်နက်ကြီးအသံမှာ သဗျာရွာ အနောက်မြောက်ဘက်ကလာသည့် အသံမျိုးဖြစ်ကြောင်း ယင်းဒေသခံက ခန့်မှန်းပြောဆိုခဲ့သည်။

သဗျာရွာ၏အနောက်မြောက်ဘက် သဲပုံရွာရှိ အင်းဝတောင်ပေါ် တွင် စစ်ကောင်စီတပ်၏ တပ်စခန်းအသစ်ရှိသည်။

မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က သဲပုံရွာအင်းဝတောင်ပေါ်တွင် တပ်စွဲထားလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် လောင်းလုံးမြို့နယ် မင်းရပ် ကျေးရွာနှင့်အနီးတစ်ဝိုက်တွင်လည်း ယင်းနေ့က လက်နက်ကြီးအသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း မင်းရပ်ရွာရွာ ဒေသခံအချို့ကပြောသည်။

“အသံကတော့ ကြားနေရတာပဲ ဘယ်နားကပစ်နေတာလည်း ဆိုတာပဲမသိရတာ”ဟု မင်းရပ်ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူကာကွယ်ရေးအဖွဲ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်သည့် သဲပုံရွာအင်းဝတောင် စစ်ကောင်စီစခန်းနှင့် လောင်းလုံးမြို့မ ရဲစခန်းသည် မိုင်အားဖြင့် ခုနှစ်မိုင်ဝန်းကျင်ခန့်ရှိပြီး ကီလိုမီတာအားဖြင့် ၁၁ ကီလိုမီတာ ဝန်းကျင်ခန့်ရှိသည်။

ယင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဇွန်လ ၁၃ ရက်မနက်ပိုင်း တွင် စစ်ကောင်စီတပ်က လောင်းလုံးသဗျာရွာ စားသောက်ဆိုင်ထဲရှိ အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။

အမျိုးသမီးနှစ်ဦးကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့ပြီး အမျိုးသားငါးဦးကိုမူ တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ညကလည်း ထားဝယ်မြို့အတွင်းရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝန်ကြီးအိမ်ရာနှင့် ကမြောကင်းတံတားအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် တပြိုင်နက်တိုက်ခိုက်ခံရသေးသည်။

ယင်းတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF က ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျဉ်ဆန်စ အချို့မှာ ကမြောကြီး‌ကျေးရွာအုပ်စုရှိ နေအိမ်များကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်က ဇွန်လ ပထမပတ်ကစပြီး လောင်းလုံးမြို့နယ်တွင် ပုံမှန်ရှာဖွေ စစ်ဆေးနေကြမဟုတ်သည့် ကျေးရွာများ၊လမ်းဆုံလမ်းခွများတွင် မကြာခဏဆိုသလို ခရီးသွားပြည်သူများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်ကိုတွေ့ရသည်။