မြိတ်တွင် အမဲသားဈေးခုန်တက်၊ တစ်ပိဿာ ကျပ်နှစ်သောင်းကျော်ဖြစ်လာ

0
2012

မြိတ်မြို့တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိသည့် အမဲသားဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ခုန်တက်သွားသဖြင့် ၂၀၀၀၀ မှ ၂၂၀၀၀ ကျပ်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ အမဲသားဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ခြောက်ရက်ခန့်မှစပြီး ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းဈေးကွက်မှ သိရသည်။

ဈေးထဲတို့တွင် အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ မှ ၂၁၀၀၀ ကျပ်အထိ ရောင်းချနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“သားသတ်လိုင်စင်ကြေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ ပြီးတော့ ရွာတွေဘက်မှာ နွားသွားဝယ်ရင် သယ်ယူစရိတ် ပိုများလာတယ်။ နွားဈေးလည်းတက်လာတယ်။ ဂိတ်ဖြတ်ကြေးတို့ လိုင်းကြေး (သက်ဆိုင်ရာ နယ်မြေ၊ ကျေးရွာရှိ ဌာနဆိုင်ရာတချို့က ငွေကြေးကောက်ခံတာ) ပေးရတာတွေ ရှိလာတယ်။ ဒါတွေကြောင့် အမဲသားဈေးလည်း တက်လာတာ” ဟု သားသတ်လိုင်စင်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာအချို့တွင် နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် နွားဝယ်ယူ၍ ရသည့် နယ်မြေများလည်း နည်းပါးလာခြင်းတို့လည်း ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

“အမဲသားက နယ်တွေဘက်ကနေ ယူရောင်းတာ ပိုများတယ်။ မြို့ပေါ်က ယူရောင်းတာလည်းရှိတယ်။ အဓိကက ဝယ်တဲ့ဈေးရော၊ စရိတ်စကပါ တက်လာလို့ အမဲသားဈေးလည်း တက်လာတာပါ” ဟု ဆိပ်ငယ်ဈေးကြီးရှိ အမဲသားအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ရပ်ကွက်များအတွင်း ဘေးတွဲယာဉ်တို့ဖြင့် လိုက်လံရောင်းချနေကြသည့် ဈေးသည်တို့ထံတွင် အမဲသား တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

အဆိုပါဈေးသည်တို့မှာ နီးစပ်ရာ ဈေးတို့မှ သားငါးတို့အား ဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချကြနေကြခြင်း ဖြစ်သည်။

ယခင်က အမဲသားဈေး တစ်သောင်းရှစ်ထောင်ကျပ်နှုန်းဖြစ်စဉ်က ဟင်းတစ်ပွဲလျှင် ခုနှစ်ရာကျပ်ရောင်းချနေရာမှ တစ်ထောင်ကျပ်အထိ တိုးမြှင့်ရောင်းချနေရကြောင်း ထမင်းဟင်း အရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိတွင် အမဲသားဈေးထပ်တက်သွားသော်လည်း ဈေးထပ်မတင်ဘဲ ရောင်းနေရကြောင်း ၎င်းက ပြောဆိုသည်။

“တစ်ထောင်ကျော်နဲ့ ရောင်းလို့မရ‌ဘူး။ ကိုယ်ရောင်းနေတဲ့ ရပ်ကွက်ပတ်ဝန်းကျင်ရဲ့ အနေအထားကလည်း ရှိသေးတာကိုး။ အမြတ်ကျန်တာ နည်းသွားပေမယ့် ဟင်းအမယ်တွေ များများရောင်းတာဆိုတော့ ကာမိအောင်တော့ ရောင်းရတာပေါ့” ၎င်းက ပြောသည်။

ဈေးတက်သွားသဖြင့် အသားကို လျှော့စားနေရကြောင်း ရေပုန်းရပ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကုန်ဈေးနှုန်းကြီးလေလေ ကိုယ့်ရတဲ့ဝင်ငွေနဲ့ ဈေးဖိုးမမီတော့ဘူး။ လျှော့စားတန် လျှော့စားရတာပေါ့” ဟု ၎င်းက ပြောသည်။

မြိတ်ကုန်စည်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးလည်း တစ်အိတ်လျှင် ကျပ်တစ်ထောင်မှ သုံးထောင်အထိ မြင့်တက်နေသည်။