သဗျာရွာတွင် ဖမ်းဆီးခံရသူအမျိုးသားငါးဦးပြန်လွတ်၊ ဖမ်းဆီးခံရသူ ခုနစ်ဦးစလုံးပြန်လွတ်ပြီ

0
2148

လောင်းလုံးမြို့နယ် သဗျာရွာ စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသူ ခုနစ်ဦးအနက် မိန်းကလေးနှစ်ဦးမှာ ဇွန်လ ၁၃ ရက် ညနေပိုင်းက ပြန်လွတ်လာပြီး ကျန်ရှိသည့် အမျိုးသားငါးဦးမှာ ယနေ့ညနေပိုင်းတွင် ပြန်လွတ်လာကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ဆိုင်တွင် ကူညီလုပ်ကိုင်ပေးနေသည့် မိန်းကလေးနှစ်ဦးနှင့် ဆိုင်တွင်လာရောက် စားသောက်သူ အမျိုးသားငါးဦးတို့ကို စစ်ကောင်စီက ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မိသားစုဝင်များက လောင်းလုံးမြို့ ရဲစခန်းသို့ လိုက်ပါကာ အာမခံဖြင့် ထုတ်ယူသဖြင့် အသက် ၁၆နှစ်၊ ၁၇နှစ် အရွယ် မိန်းကလေးနှစ်ဦးကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသားငါးဦးကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၄နာရီခန့်တွင် ပြန်လွှတ်ပေးကြောင်း ၎င်းတို့၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မနက်ကတည်းက ရဲစခန်းကနေ ဖုန်းဆက်အကြောင်းကြားထားပါတယ်။ ညနေ လာထုတ်ပါဆိုပြီး” ဟု ၎င်းက ပြောသည်။

 ဖမ်းဆီးခံရသူအမျိုးသား ငါးဦးအနက် တစ်ဦးမှာ လောင်းလုံးမြို့ပေါ်ကဖြစ်ပြီး ကျန်လေးဦးမှာ သဗျာရွာခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မိန်းကလေးနှစ်ဦးမှာမူ ဆိုင်ပိုင်ရှင်အမျိုးသမီး၏ တူမတော်စပ်သူများဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၁၃ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး ဒေသခံခရီးသွားများကို စစ်ဆေးခဲ့ပြီးနောက် ယင်းနေရာအနီး သဗျာရွာ စားသောင်ဆိုင်ထဲသို့ ဝင်ရောက် ဖမ်းဆီးခံခြင်းဖြစ်သည်။