လောင်းလုံး အထက်တန်းကျောင်းကို စစ်ကောင်စီက လုံခြုံရေးယူထားပြီး ဝင်ထွက်ခွင့်ကန့်သတ်

0
2216

လောင်းလုံးမြို့ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး ကျောင်းဝင်းအတွင်း ဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း မြို့ခံအချို့ကပြောသည်။

 “ကျောင်းဝင်းအတွင်းသို့ တာဝန်ရှိသူမှအပ မဝင်ရ” ဆိုသည့် ဗီနိုင်းကို ကျောင်းဝင်းအပြင်တွင် ကပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်စစ်ဆေးနေကြောင်း မြို့ခံအချို့ကပြောသည်။

ဇွန်လ ၄ ရက်က လောင်းလုံးအထက်တန်းကျောင်းဝင်းထဲရှိ စာသင်ခန်းများ၊ ကွန်ပျူတာများကို အမည်မသိသူတို့က ဝင်ရောက်ရိုက်ခွဲဖျက်ဆီးခံရပြီး‌နောက် နှစ်ရက်ခန့်အကြာတွင် စစ်ကောင်စီတပ် လုံခြုံရေးတင်းကြပ် လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

“ကျောင်းထဲမှာရော၊ ကျောင်းအပြင်မှာပါ စစ်ဆေးတာတွေရှိတယ်။ ‌ကျောင်းထဲကိုတော့ အပြင်လူတွေပေးမဝင်ဘူး။ ဝင်ချင်တယ်ဆိုရင် ဆရာမတစ်ယောက်ယောက်နဲ့ အတူတူဝင်မှရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

ကျောင်းသားမိဘများကိုမူ သက်သေခံလက်မှတ်သဘောမျိုး ကတ်ပြားထုတ်ပေးထားပြီး ကျောင်းဝင်းအတွင်းဝင်မည်ဆိုပါ အဆိုပါကတ်ပြားကို ပြသရကြောင်း ဒေသခံများကဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Non CDM ( ပညာရေး) များအား ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ဇွန်လ ၆ ရက်က ထုတ်ပြန်ထားသော်လည်း ယခုကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟုဆိုသည်။

လောင်းလုံးအထက်တန်းကျောင်း ဖျက်ဆီးခံရသည့် ကိစ္စမှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၇ ရက်တွင် သီးသန့်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရှင်းလင်းထားသည်။

မေလ ၂၃ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ မြို့မရဲစခန်းနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ရုံးတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက ဒုဦးစီးမှုးတစ်ဦးသေဆုံးခဲ့သည်။

ယင်းနောက် မေလ ၂၆ ရက်တွင် စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် DDT တပ်ခွဲ ၃ က လောင်းလုံးမြို့ပေါ်တစ်နေရာတွင်  ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။

မေလ ၂၉ ရက်တွင် လက်နက်ကိုင်ဆောင်ထားသည့် လောင်းလုံးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်များ လောင်းလုံးမြို့ပေါ်တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လဝကရုံးကိုလည်း ‌လောင်းလုံးထွေအုပ်ရုံးထဲသို့ ပြောင်းရွေ့ဖွင့်လှစ်ခြင်း၊ အထက်တန်းကျောင်းကို စစ်ကောင်စီက အစောင့်ချပြီး လုံခြုံရေးတင်းကြပ်ခြင်းတို့ လုပ်ဆောင်လာခြင်းဖြစ်သည်။