တနင်္သာရီတွင် ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

0
2298
ဓါတ်ပုံ - ဘက်မလိုက်ပြောက်ကျားအဖွဲ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၊ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီဝန်းကျင်က သိန္ဓောကျေးရွာရှေ့တန်းစခန်းသို့ ရိက္ခာပို့ပြီးပြန်လာသည့် အင်အား ၄၀ ကျော်ဝန်းကျင်ရှိသော စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းမှာ ကျွဲထိန်းကုန်းရွာနှင့် တောင်ဘိန်းအကြားတွင် တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ဆိုသည်။

“ပထမ မိုင်းနှစ်လုံးဆွဲတယ်။ ပြီးတော့ စပစ်တာ” ဟု ၎င်းက ပြောဆိုသည်။

မိုင်းဆွဲခံရခြင်းကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးမှာ လမ်းတွင် လဲနေသည်ကို တွေ့ရပြီး အပြင်းအထန် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်နိုင်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့၏ ယနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းတွင်ထုတ်ပြန်ချက်တွင် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရကြောင်း ဖော်ပြသည်။

“(PDF) သူတို့အနောက်က လိုက်ပစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီး အချက်ရေ နှစ်ဆယ်ကျော်လောက် ရှိမယ်။ ပြန်ပစ်တာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် သွပ်မိုးပျဉ်ကာအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ကြီးအစ ထိမှန်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

တစ်နာရီဝန်းကျင်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကွင်းကျေးရွာရှိ (၅၆၁) တပ်ရင်းဘက်သို့ ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ပင်ကွင်းကျေးရွာအုပ်စုအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာမကြာ နှစ်ဖက် ပစ်ခတ်မှု ဖြစ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်။