ရငဲရွာတွင် နေအိမ်များထပ်မံမီးရှို့ခံရ၊ ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးလည်းဒဏ်ရာရ

0
2478

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရငဲရွာက နေအိမ်ငါးလုံးခန့်ကို ယနေ့ ဇွန်လ ၁၂ရက်တွင် ထပ်မံမီးရှို့ခဲ့ပြီး ပစ်ခတ်ခံရမှုကြောင့်လည်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ရငဲရွာသို့ ဇွန်လ ၁၁ ရက်က ရောက်ရှိနေပြီး ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်ကြသလို မတိမ်းရှောင်နိုင်ဘဲ ဖမ်းဆီးခံခဲ့ရသူအချို့လည်းရှိကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအနက် အမျိုးသမီးတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ယနေ့ ပစ်ခတ်သဖြင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။

နောက်အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်စ ပေါင်တွင်ထိမှန်ကာ ဒဏ်ရာရကြောင်း ရငဲကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ သို့သော် ယင်းအမျိုးသမီး မည်သည့်နေရာတွင်ရှိနေစဉ် ကျည်စထိမှန် ဒဏ်ရာရသည်ကိုမူ မသိရသေးပေ။

“ဒဏ်ရာရတာကတော့ လက်နက်ကြီးမှန်တာက တစ်ယောက်၊ သေနတ်မှန်တာက တစ်ယောက် မိန်းမနှစ်ယောက်။ အခု အရေးပေါ်ကားနဲ့ ထားဝယ်တင်ဆောင်သွားပြီ” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ယနေ့ နေ့လယ်ပိုင်းက ရငဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟု ဒေသခံများထံမှ ကြားသိရပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် သက်ရက်ချောင်းမြို့နယ်က ကျေးရွာများကို ဇွန်လ ၈ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းသို့ဝင်ရောက်စဉ် ကနက်သီရိကျေးရွာက‌ ကလေးငယ်များအပါအဝင် ဒေသခံ ၄၀ ကျော်နှင့် ကျွဲမင်းကုန်းရွာက ဒေသခံ သုံးဦးတို့ကို ဖမ်းဆီးထိန်းသိမ်း စစ်ကြောင်းထွက်ခွာချိန်မှ ပြန်လွှတ်ပေးခဲ့သည်။

ကနက်သီရိရွာမှ ရငဲရွာဘက် ထွက်လာစဉ် ဒေသခံ ၁၄ဦးကို လူသားဒိုင်းသဖွယ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ရငဲရွာရောက်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ရငဲရွာသို့ ဇွန်လ ၁၁ ရက်က ဝင်ရောက်လာစဉ် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ Dawei Watch က မနေ့က သတင်းဖော်ပြထားသည်။

စစ်ကောင်စီတပ် တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးသွားလာရာတွင် လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယင်းကြောင့် ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ် ပြန်ထွက်သွားသည့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ‌ကျောက်ခမောက်ကျေးရွာတို့တွင် ဒေသခံအချို့ပြန်လည် လာရောက်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝဲရစ်၊ ကမြိုင်၊ ရငဲကျေးရွာများတွင် စစ်ကြောင်းထိုးနေဆဲဖြစ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။