WY ဆေးပြားထက် ပိုဈေးကြီးလာသည့် မနက်စာ

0
3208

လူတစ်ယောက် မနက်စာအတွက် လက်ဖက်ရည်နှင့် မုန့်တစ်ခုစားရန် ကျပ်တစ်ထောင်ကျော် ရှိရန်လိုအပ်သော်လည်း မူးယစ်ဆေးသုံးရန်အတွက်မူ ကျပ်တစ်ထောင် ရှိရန်သာလိုအပ်သည်။

စစ်အာဏာမသိမ်းခင်က WY ဆေးပြား၊ ICE ကဲ့သို့သော မူးယစ်ဆေးများ ဝယ်ယူရခက်ခဲပြီး ဈေးအလွန်မြင့်မား သော်လည်း အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာချိန်တွင်တော့ မူးယစ်ဆေးများ ၈၀ ရာခိုင်နှုန်းခန့် ဈေးကျလာသလို ဝယ်ယူရလည်း လွယ်ကူလာသည်။

သို့သော် မနက်စာ တစ်နပ်စားဖို့တော့ ပိုမိုခက်ခဲလာနေသည်။

သူငယ်ချင်းအပေါင်းအသင်းများဖြင့်တစ်နေ့လျှင် လက်ဖက်ရည်ဆိုင် သုံးကြိမ်ထိုင်လေ့ရှိသည့် ကိုမင်းမင်းတစ်ယောက် အခုတော့ တစ်နေ့တစ်ကြိမ်ထိုင်ဖို့ပင် အတော်လေး စဉ်းစားနေရပြီ။

ကိုယ်ပိုင်ကုန်ခြောက်ဆိုင်လေးဖွင့်ထားပြီး လက်မနှေးတတ်သည့် ကိုမင်းမင်းတစ်ယောက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ကျသင့်ငွေကို အိတ်စိုက်ထုတ်ရှင်းလေ့ရှိသည်။

အာဏာမသိမ်းခင်အချိန်က ထားဝယ်မြို့တွင် လက်ဖက်ရည်တစ်ခွက် အများဆုံးဈေးမှာ ကျပ်လေးရာဖြစ်ပြီး သူငယ်ချင်းများအတွက် သူရှင်းရသည့်ငွေက ကျပ်နှစ်ထောင်ဝန်းကျင်သာ။

လက်ရှိအချိန်တွင်မူ သူကိုယ်တိုင်ပင် လက်ဖက်ရည်သောက်သည့်အကြိမ်ရေကို လျှော့ချလိုက်ရပြီး တစ်နေ့တစ်ကြိမ်သာ ထိုင်တော့သည်။

ထို့အပြင် သူငယ်ချင်းများကို ဒကာမခံနိုင်တော့သည့်အပြင် တစ်ယောက်စာအတွက်ပင် ခြိုးခြံချွေတာနေရသည်ဟု ဆိုသည်။

“ဝိုင်းထိုင်ရင် ပေါင်းပြီးရှင်းမှ ရတော့တယ်။ အရင်က တစ်ယောက်ထဲ ရှင်းပေးလို့ရသေးတယ်။ အခုကကိုယ်စားတာ ကိုယ်ရှင်းမှ အဆင်ပြေတော့တယ်”ဟု ကိုမင်းမင်းက ပြောသည်။

ကိုမင်းမင်း ညည်းမယ်ဆိုလည်း ညည်းချင်စရာပင်။

ကိုဗစ်ကာလအတွင်းက လက်ဖက်ရည်တစ်ခွက် ကျပ်လေးရာဝန်းကျင်ရှိရာမှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာချိန်တွင် ဈေးနှစ်ဆနီးပါးတက်လာပြီး ၇၀၀ ကျပ်ဖြစ်လာသည်။

လက်ဖက်ရည်အပြင် ဗိုက်ပြည့်စေမည့် ပဲပြုတ်နံပြား၊ ဆီကျက်ခေါက်ဆွဲ အစရှိသဖြင့် စားလေ့ရှိသူများအတွက်ဆို မနက်စာတစ်နပ်စာအတွက် ကျပ် ၂၀၀၀ ကျော် အသာလေး ကုန်သွားမည်ဖြစ်သည်။

ယခင်က ၁၅၀ ကျပ်ဝန်းကျင်ပေးရသည့် နံပြားတစ်ချပ်ကိုပင် လက်ရှိအချိန်တွင် ၄၀၀ ကျပ်ဖြစ်သွားသည်။

ထိုကြောင့် ယခင်က ကိုမင်းမင်းတစ်ယောက်ရဲ့ မနက်စာအတွက် လက်ဖက်ရည်ဆိုင်တစ်ခါထိုင်က ငွေကျပ် တစ်ထောင်ဝန်းကျင်သာ လိုသော်လည်း ယခုအချိန်တွင်မူ အိတ်ကပ်အတွင်း ကျပ်နှစ်ထောင်ရှိနေရန် လိုလာကြောင်း ၎င်းက ဆိုသည်။

ရပ်ကွက်အတွင်းဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ငယ်အချို့တွင်မူ ဆိုင်ကြီးများကဲ့သို့ ဈေးမများသော်လည်း လက်ဖက်ရည်တစ်ခွက် ကျပ်ငါးရာပေးရသည်။

သို့သော် WY စိတ်ကြွဆေး ဈေးနှုန်းမှာ ၈၀ ရာခိုင်နှုန်းခန့် ဈေးကျသွားသည်။

ယခင်က စိတ်ကြွဆေးတစ်ပြားလျှင် ကျပ်ငါးထောင်ဝန်းကျင်ဈေးပေါက်နေရာမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်‌ထောင်ကျပ် ဝန်းကျင်ဖြင့် အလွယ်တကူဝယ်ယူနိုင်လာသည်။

လက်ဖက်ရည်တစ်ခွက် ကျပ်ခုနှစ်ရာ ဈေးပေါက်နေချိန်တွင် WY ဆေးတစ်ပြားက ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိသည်။

ယင်းအပြင် ယခင်ကကျပ်လေးသောင်းခန့်ရှိမှ သုံးစွဲခွင့်ရသည့် ICE မူးယစ်ဆေးမှာ လက်ရှိတွင် ငွေကျပ်ငါးထောင်ရှိရုံဖြင့် လက်လှမ်းမီလာပြီဖြစ်သည်။

ယင်းအခြေအနေများမှာ လူငယ်ထုအတွင်း စိတ်ကြွဆေးသုံးစွဲမှု ပိုမိုများပြားလာရန် ဖန်တီးပေးနေသလို ယခင်ထက်လည်း မူးယစ်ဆေးသုံးသူ ပိုများလာကြောင်း မြို့ခံအချို့က ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာသည့် အထွေထွေအကျပ်အတည်းနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် ကုန်စည်ဈေးနှုန်းမှာ အဆမတန်မြင့်တက်လာသော်လည်း မူးယစ်ဆေးများမှာ အဆမတန်ဈေးကျပြီး ဝယ်ယူရလွယ်ကူလာနေသည်။

ယင်းကြောင့် ထားဝယ်လူငယ်အများစုမှာ ဈေးပေါပေါဖြင့် ဝယ်ယူနိုင်သည့် မူးယစ်ဆေး‌နွံအတွင်း ရောက်သွားကြကြောင်း မြို့ခံတစ်ဦးဖြစ်သူ ကိုအာကာက ဆိုသည်။

“လူငယ်တော်တော်များများက မူးယစ်ဆေးဝါးဘက်ကို ရောက်ကုန်ကြပြီ။ လူငယ်တွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်လောက် ရောက်ကုန်တာလို့ ပြောလို့ရတယ်” ဟု ကိုအာကာက ဆိုလိုက်သည်။