မြိတ်တွင် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်သေဆုံး

0
2136

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ရေကန်တွင် ယနေ့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်ပြီး သေဆုံးကြောင်း ယင်းရွာနေသူတို့ထံမှ သိရသည်။

ကွမ်းသီးချောင်းကျေးရွာရှိ မေဃဝတီဘုန်းကြီးကျောင်း ပရဝဏ်အတွင်းရှိ ရေကန်အတွင်းတွင် ရေဆင်းကူးရာမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။

အဆိုပါရေကန်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တူးဖေါ်ထားခြင်းဖြစ်ပြီး ရေအနက် ၁၀ ပေကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။

“ဒီလိုမိုးကောင်းတဲ့အချိန်တွေဆို ရေလာကူးနေကြတာပဲ” ဟု ကွမ်းသီးချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

မိုးတွင်းကာလတွင် အနီးဝန်းကျင် ကျေးရွာနေသူတို့နှင့် မြို့ပေါ်နေသူတို့ လာရောက် ရေကူးလေ့ရှိခြင်းဖြစ်သည်။

အဆိုပါ ယောက်ျားလေးနှစ်ဦးမှာ ရေဆင်းကူးသည်ဟုသာ သိရှိပြီး မည်သည့်အကြောင်းအရင်းကြောင်း ရေနစ်မြုပ်သွားသည်ကိုမူ မသိရှိရသေးကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။