လူသတ်တရားခံဆိုသူကို သတ်ဖြတ်အပြစ်ပေးမှု တနင်္သာရီ ပကဖနှင့် သက်ဆိုင်ခြင်းမရှိဟုထုတ်ပြန်

0
1393

အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွါးခဲ့ပြီး လူသတ်မှုဖြစ်ပွါးခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ ကိုဘိုငယ်ကို ကျေးရွာလုံခြုံရေးအဖွဲ့မှ ခေတ္တခေါ်ယူထိန်းသိမ်းထားစဥ် နဂါးနက်အဖွဲ့မှ လာရောက်ခေါ်ယူသွားပြီးနောက် မေလ ၂၃ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။

တနင်္သာရီမြို့နယ်၊တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာတွင် မေလ ၂၁ ရက်က သရက်သီးခူးစားရာမှ အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွါးပြီး ကိုဘိုငယ်က ဓားဖြင့်ထိုးခြင်းကြောင့် တစ်ဖက်လူသေဆုံးသွားခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသော ကိုဘိုငယ်ကို နဂါးနက်အဖွဲ့က လာရောက်ခေါ်ယူသွားရာမှ ၂ ရက်အကြာတွင် သေဆုံးပြီဆိုကာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။

လူသတ်မှုကျူးလွန်သူ ကိုဘိုငယ်၏ ရုပ်အလောင်းကို မိသားစုထံပြန်လည်ပေးအပ်ခြင်းမရှိသလို သင်္ဂြိုဟ်ရာသို့လည်း လာရောက်ခွင့် မပေးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ကိုဘိုငယ် သေဆုံးမှုတွင် မိမိတို့တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ဥပဒေအရ ကာကွယ်ချေပပိုင်ခွင့် မရှိဘဲစီရင်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နဂါးနက်အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌါန၏ လက်အောက်ခံ အဖွဲ့အစည်းမဟုတ်သည့်အပြင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကြောင့် ယင်းအဖွဲ့နင့်ပတ်သက်သည့် ကိစ္စအဝဝကိုလည်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် တာဝန်ယူဖြေရှင်းသွားမည် မဟုတ်ပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။

နဂါးနက်အဖွဲ့ကို တကူ၊သရဘွင်၊ဒေသခံလူငယ်များ၊ ကရင်တိုင်းရင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားပြီး ကရင်တိုင်းရင်းသားက လက်ရှိတွင် ဦးဆောင်မှုပြုလုပ်နေကြောင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် နီးစပ်သူများ ကပြောသည်။

“သူတို့က NUG အောက်ကိုလည်းမဝင်ဘူး။မြေပြင်မှာတော့ ပကဖနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာတော့ ရှိတယ်”ဟု တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ ဒေသခံအမျိုးသား ကပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များကိုဆန့်ကျင်ပြီး မိမိတို့ ရဲဘော်များအနေဖြင့် ကျူးလွန်ခဲ့သည်များရှိပါက ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။