တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2154

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ

နှစ် ၇၀ မဟာမိတ်အဖြစ် တောင်ကိုရီးယားသမ္မတ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြော

နှစ်နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်တယ်လို့ ဧပြီလ ၂၇ ရက်နေ့ အမေရိကန်လွှတ်တော်မှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။  

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်း အနှစ် ၇၀ ရှိလာတာအတွက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ချီးကျူးဂုဏ်ပြုလိုက်တာပါ။

မမှန်ကန်တဲ့ ဝါဒဖြန့်ချီမှုတွေနဲ့ ပုံဖျက်ခံရတဲ့ သတင်းအချက်အလက်တွေဟာ အမှန်တရားနဲ့လူထုအမြင်ကို ပျက်ပြားစေနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေ ထိခိုက်ဖို့ အန္တရာယ်ကြီးကြီး ရင်ဆိုင်နေရတယ်လို့လည်း သတိပေး ပြောကြားခဲ့ပါသေးတယ်။

အာဏာရှင်တွေက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ကာကွယ်သူတွေအဖြစ် ဟန်ဆောင်နေကြကြောင်း၊ လက်တွေ့မှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မလိုလားကြပဲ အလိမ်ဝါဒဖြန့်မှုတွေ အချက်လက်မှားတွေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၇၀ က ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ပွဲ အဆုံးသတ်မှုနဲ့အတူ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်မှာ သတ္တမမြောက် မိန့်ခွန်းပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ref: NT1

………………………………..

ပိုလန်က တစ်လမ်းတည်းသောရွာလေး လူမှုကွန်ရက်မှာ နာမည်ကြီး

ပိုလန်နိုင်ငံတောင်ပိုင်း ခရာကောမြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ လောက် အကွာမှာ ဆူလိုဆိုဝါရွာလေးတစ်ရွာရဲ့ပုံတွေက လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ အရောင်အသွေးစုံ လယ်ယာစိုက်ခင်းတွေကို မျက်စိတစ်ဆုံးမြင်ရပြီး အိမ်အများစုကတော့ လမ်းတစ်လမ်းတည်းပေါ်မှာပဲ တည်ဆောက်ထားကြတာပါ။

အဲဒီလမ်းမကြီးက ၉ ကီလိုမီတာ ရှည်လျားပါတယ်။

၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ဆူလိုဆိုဝါရွာရဲ့ လူဦးရေ ၆၀၀၀ နီးပါးက အဲဒီလမ်းပေါ်မှာပဲ နေကြတယ်လို့ သိရပါတယ်။

တစ်ချို့တွေကတော့ ဒီရွာလေးကို အီတလီကျေးလက်က ရှုမျှော်ခင်းတွေရှိနေတဲ့ တက်စ်ကာနီဒေသနဲ့ ခိုင်းနှိုင်းတင်စားထားကြပါတယ်။

ဒီရွာလေး တည်ရှိလာတဲ့ နှစ်တွေ အတော်ကြာနေခဲ့ပါပြီ။

ဒါပေမဲ့ မကြာသေးခင်ကမှ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံနဲ့ ဗီဒီယိုတွေကြောင့် နာမည်ကြီးလာတာဖြစ်ပါတယ်။

Ref: Times Now

………………………………..

တရုတ်က နယ်စပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အိန္ဒိယစွပ်စွဲ

အိန္ဒိယနဲ့ တရုတ်နယ်စပ်က အငြင်းပွားနေဆဲ အရှေ့ပိုင်း လာဒတ် (Ladakh) ဒေသမှာ နှစ်နိုင်ငံသဘောတူညီချက်ကို တရုတ်ဖက်က ချိုးဖောက်တယ်လို့ ဧပြီလ ၂၇ ရက်နေ့က အိန္ဒိယကာကွယ်ရေးဝန်ကြီးက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒီအငြင်းပွားစရာနယ်စပ်မှာ တပ်သားတွေ ထောင်နဲ့ချီ ချထားတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ အခြေအနေကို ကိုးကားပြီးတော့ ပြောဆိုလိုက်တာပါ။

ဒါကို အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က အိန္ဒိယကိုလာရောက်တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu ကို နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ရင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ပြဿနာအားလုံးကို လက်ရှိပြုလုပ်ထားတဲ့ သဘောတူညီချက်တွေ ကတိကဝတ်တွေပေါ်မှာ မူတည်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း အိန္ဒိယဘက်က ပြောကြားလိုက်တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။

တရုတ်ဘက်က စစ်သားအရေအတွက် ပိုမိုချထားပြီး နှစ်နိုင်ငံ သဘောတူညီချက်ကို ချိုးဖောက်ဖို့ ကြိုးစားတာကလည်း နှစ်နိုင်ငံကြားထားရှိတဲ့ အခြေခံဆက်ဆံရေး အားလုံးကိုဖျက်ဆီးတဲ့သဘောဖြစ်နေတယ်လို့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

တရုတ်မှာ အမျိုးသားတစ်ဦးက မြေးဖြစ်သူကို ပြန်ပေးဆွဲပြီး သမီးအရင်းဆီကနေ ငွေညှစ်

လောင်းကစား စွဲနေတဲ့ အသက် ၆၅ နှစ်အရွယ် တရုတ်အမျိုးသားက သူ့မြေးကို ပြန်ပေးဆွဲပြီး သမီးဆီကနေ ယွမ် ၅ သိန်း ငွေညှစ်ခဲ့ပါတယ်။

ယွမ်လို့ အမည်ရတဲ့ အမျိုးသားဟာ ၄ နှစ်အရွယ် မြေးမလေးကို ကျောင်းသွားကြိုပြီး အိမ်ပြန်ခေါ်လာရမယ့်အစား ကလေးမိခင်ကို ဖုန်းဆက် ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ပါတယ်။

ကလေးကို ပြန်တွေ့ချင်ရင် သုံးရက်အတွင်း ယွမ် ၅ သိန်းပေးလို့ ခြိမ်းခြောက်ခဲ့တာပါ။

မဟုတ်ရင် ကလေးကို ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ကလေးမိခင်က သူ့အဖေရဲ့လုပ်ရပ်ကို တုန်လှုပ်ပြီး ရဲကို ဖုန်းဆက် တိုင်ကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်က ဘယ်တုန်းက ဖြစ်ခဲ့သလဲဆိုတာ တိတိကျကျ မသိရပါဘူး။

တရုတ်ဂျာနယ်တစ်ခုကနေ ဧပြီလ ၁၈ ရက်နေ့က စတင်ရေးသားခဲ့တာပါ။

ဒါပေမဲ့ ယွမ်ကတော့ သူ့လုပ်ရပ်ကြောင့် အခု ထောင်ကျနေပြီလို့ ဖော်ပြထားပါတယ်။

Ref: The Straits Time

………………………………..

သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အစိုးရအဆိုပြု

သြစတြေးလျနိုင်ငံကို အဆင့်မြင့် ကျွမ်းကျင် လုပ်သားတွေ ပိုမိုလွယ်လွယ်ကူကူ လာရောက်နိုင်အောင် လူဝင်မှုကြီးကြပ်ရေးစနစ်တခုလုံး ပြန်လည်သုံးသပ်ဖို့ အစိုးရက အဆိုပြုလိုက်ပါတယ်။

လက်ရှိ လူဝင်မှုကြီးကြပ်ရေးစနစ်က အလုပ်မဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Clare O’Neil က ပြောကြားခဲ့တာပါ။

လူဝင်မှုကြီးကြပ်ရေးစနစ်က ဆယ်စုနှစ်တခုစာလောက် လျစ်လျူရှုခံထားရတာကြောင့် လုံးဝအလုပ်မဖြစ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးစနစ်အောက်မှာ ရှိတဲ့ ကဏ္ဍအားလုံးနီးပါးကို ပြန်လည်ပြင်ဆင်မှာဖြစ်သလို နိုင်ငံတကာ ကျောင်းသားတွေအတွက် ဗီဇာတင်းကြပ်မှုတွေလည်း လုပ်သွားမယ်လို့ သိရပါတယ်။

အဆင့်မြင့် ကျွမ်းကျင် လုပ်သားတွေကိုတော့ လွယ်လွယ်ကူကူ Visa လျှောက်နိုင်အောင်၊ လျှောက်ထားချက်ကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ပေးသွားမယ်လို့ အဆိုပြုထားပါတယ်။

ယာယီဗီဇာနဲ့ လာရောက်တဲ့ ကျွမ်းကျင်အဆင့် လုပ်သားတွေအနေနဲ့ အရင်က အမြဲတမ်းနေထိုင်ခွင့် လျှောက်ခွင့်မရှိတာကိုလည်း လျှောက်ခွင့်ရအောင် လမ်းဖွင့်ပေးမယ်လို့ ဆိုလိုက်ပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ကိုလည်း ဩစတေးလျဒေါ်လာ ၇ သောင်းအထိ တိုးပေးမှာဖြစ်ပါတယ်။

Ref: ABC News

………………………………..

ကက်သလစ်ဘုန်းတော်ကြီးများအစည်းအဝေးမှာ အမျိုးသမီးတွေ မဲပေးခွင့်ရတော့မည်

လာမယ့်ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ အမျိုးသမီးတွေကို မဲပေးခွင့်ပြုဖို့ ပုပ်ရဟန်မင်းကြီးက ဧပြီလ ၂၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ကက်သလစ်ဘုရားကျောင်းတွေရဲ့ ဆုံးဖြတ်လုပ်ဆောင်ခွင့်နဲ့ တာဝန်ယူခွင့်တွေမှာ အမျိုးသမီးတွေကို ပိုမိုလုပ်ပိုင်ခွင့်ပေးဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ဆုံးဖြတ်လိုက်တာပါ။

ယခင်က ဗာတီကန်ကျောင်းတော်အနေနဲ့ အမျိုးသမီးတွေကို ဒုတိယတန်းစားလူတွေအဖြစ်သာ ဆက်ဆံခဲ့လို့ ကတ်သလစ်အမျိုးသမီးအဖွဲ့တွေက နှစ်ပေါင်းများစွာဝေဖန်နေခဲ့ကြတာပါ။

ယခုသမိုင်းကြောင်းပြောင်းလဲခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကက်သလစ်အမျိုးသမီးအဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပါတယ်။

အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်း အသစ်အရ နောက်လာမယ့်အစည်းအဝေးတွေမှာ ခရစ်ယာန်ဘာသာဝင် သီလရှင်အမျိုးသမီး ၅ ဦးဟာ ခရစ်ယာန်ဘုန်းတော်ကြီး ၅ ဦးနဲ့အတူ ဘာသာရေးဆိုင်ရာကိစ္စတွေအတွက် မဲပေးဆုံးဖြတ်ခွင့်ရမှာဖြစ်ပါတယ်။

Ref: AP

………………………………..

ဂျပန်နိုင်ငံမှာ လူငယ်လေးတစ်ဦး အသက်အငယ်ဆုံးမြို့တော်ဝန်ဖြစ်လာ

အသက် ၂၆ နှစ်အရွယ် ရိုဆုခီ တာခါရှိမားဆိုတဲ့ လူငယ်လေးဟာ ဧပြီလ ၂၃ ရက် ရွေးကောက်ပွဲအပြီး ဂျပန်နိုင်ငံ အာရှိယမြို့ရဲ့ မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

ရိုဆုခီက ဂျပန်နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာ အသက်ငယ်ဆုံးမြို့တော်ဝန်ဖြစ်လာခဲ့တာပါ။

ရိုဆုခီက ဟားဗတ်တက္ကသိုလ်မှာ Environmental Engineering ဘာသာရပ်ကို လေ့လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က သူ ဘွဲ့ရခဲ့ပါတယ်။

သူက နိုင်ငံတကာကျောင်းသားတွေကို ကူညီပေးနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Ryugaku Fellowship ကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

သူက ရွေးကောက်ပွဲမှာ ၄၆ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။

လူငယ်မိသားစုတွေအတွက် ပိုပြီး ပံ့ပိုးကူညီဖို့ အခမဲ့ဆေးဝါးကုသပေးဖို့ ကောင်းမွန်တဲ့အင်္ဂလိပ်ပညာရေးအစီအစဉ်တွေကို ထောက်ပံ့ပေးဖို့ဆိုပြီး မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပါတယ်။

အစိမ်းရောင်အဆောက်အဦးစီမံကိန်းတွေ အများပြည်သူနေရာတွေ ပန်းခြံတွေကို ပိုပြီးဖန်တီးပေးဖို့ ပညာရေး၊ ကလေးစောင့်ရှောက်မှုနဲ့ လူငယ်ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ပြုပြင်ပြောင်းလဲပေးမယ်လို့ ဆိုခဲ့ပါတယ်။

Ref: WION

………………………………..

စင်္ကာပူမှာ ဆေးခြောက် ၁ ကီလိုဂရမ် ရောင်းဝယ်ရာမှာ ပါဝင်မှုနဲ့ သေဒဏ်ပေး

ဆေးခြောက် ၁ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ပတ်သက်ခဲ့လို့ဆိုပြီး စင်္ကာပူမှာ အမျိုးသားတဦးကို သေဒဏ်ပေးလိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် စင်္ကာပူနိုင်ငံသား တန်ဂါရာဂျူး ဆူပီးယား (Tangaraju Suppiah) ဟာ ဖမ်းဆီးခံရချိန်မှာ ဆေးခြောက်လက်ဝယ် မတွေ့ခဲ့ရပါဘူး။

စင်္ကာပူအစိုးရရှေ့နေတွေက ဖုန်းနံပါတ်တွေကို သဲလွန်စလိုက်ပြီး ခြေရာခံချက်အရ သူဟာ ဆေးခြောက်သယ်ယူပို့ဆောင်ရာမှာ ပါဝင်စီစဥ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သက်သေအထောက်အထား အားနည်းခဲ့လို့ သူ့ကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မိသားစုဝင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂကတောင်းဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ ဧပြီလ ၂၆ ရက် မနက် အရုဏ်တက်ချိန်မှာ သေဒဏ်ပေးလိုက်ပါတယ်။

သူဟာ ယခင်ကဖြစ်ခဲ့တဲ့ အမှုမှာ ဆက်နွှယ်နေတဲ့အခြားသူတွေနဲ့ ဆက်သွယ်မလုပ်ခဲ့ကြောင်းကိုတော့ အခိုင်အမာ ငြင်းခဲ့ပါသေးတယ်။

စင်္ကာပူဥပဒေအရ ဆေးခြောက်တွေ ရောင်းဝယ်ဖောက်ကားရင် သေဒဏ်ကျခံရနိုင်ပါတယ်။

စင်္ကာပူရဲ့ သေဒဏ် ပြစ်ဒဏ်အများစုက မူးယစ်ဆေးဝါးလုပ်ငန်းရဲ့ အောက်ခြေပိုင်း သယ်ယူပို့ဆောင်သူတွေကိုသာ အပြစ်ပေးနိုင်တာများနေတယ်လို့ ဝေဖန်ထောက်ပြတဲ့သူတွေများနေခဲ့ပါတယ်။

တကယ့်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ရပ်တန့်ဖို့ မစွမ်းဆောင်နိုင်ဘူးလို့ ထောက်ပြနေကြပါတယ်။

Ref: CNN

………………………………..

ကာလရှည်ဗီဇာ လျှောက်ထားနိုင်မည့် လုပ်ငန်း ၁၂ ခုအထိ တိုးချဲ့ဖို့ ဂျပန်ပြင်ဆင်

လုပ်ငန်းကျွမ်းကျင်တဲ့ ပြည်ပလုပ်သားတွေ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၃ ခုကနေ ၁၂ ခုအထိ တိုးမြှင့်သွားဖို့ ဂျပန်နိုင်ငံက ပြင်ဆင်လိုက်ပါတယ်။

လုပ်ငန်းနယ်ပယ် တိုးချဲ့မှုကို အစောဆုံး ဇွန်လကနေ စတင်ဖွယ် ရှိနေတာပါ။

တိုးချဲ့သွားမယ့် လုပ်ငန်းနယ်ပယ်တွေထဲမှာ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ အစားအစာထုတ်လုပ်ရေးနဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်လာလိမ့်မယ်လို့ ပြည်တွင်းသတင်းဌာနက ဖော်ပြထားပါတယ်။

သက်ကြီးရွယ်အို များပြားနေတဲ့ ဂျပန်နိုင်ငံဟာ လုပ်ငန်းနယ်ပယ်အများအပြားမှာ လုပ်သားရှားပါးမှု ကြုံတွေ့နေပေမဲ့ ပြည်ပလုပ်သား အများအပြားကို ခေါ်ယူဖို့ကိုတော့ တွန့်ဆုတ်နေဆဲပါ။

၂၀၁၉ ခုနှစ် ဥပဒေအရ စိုက်ပျိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊ သန့်ရှင်းရေး အစရှိတဲ့ လုပ်ငန်းနယ်ပယ် ၁၄ ခုက ကျွမ်းကျင်လုပ်သားတွေကို ဂျပန်နိုင်ငံက ဗီဇာထုတ်ပေးလျက် ရှိနေခဲ့ပါတယ်။

ဒါပေမဲ့လည်း ဗီဇာသက်တမ်း ၅ နှစ်ပဲ သတ်မှတ်ထားပြီး မိသားစုဝင်တွေလည်း ခေါ်ယူခွင့် မရှိသေးပါဘူး။

Ref: The Straits Times

………………………………..

ဧပြီလကုန်မှာ အိန္ဒိယက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ဆို

ယခုသီတင်းပတ်အကုန်မှာတော့ အိန္ဒိယက တရုတ်နိုင်ငံကို ကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဧပြီလအကုန်မှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေက ၁ ဒသမ ၄၂၅ ဘီလီယံအထိ ရှိမယ်လို့ စရင်းဇယားတွေကနေ ဖော်ပြနေတာပါ။

၂၀၂၃ ခုနှစ်အလယ်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ လူဦးရေက တရုတ်နိုင်ငံထက် ၂ ဒသမ ၉ သန်း ပိုများသွားလိမ့်မယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံက ကလေးမွေးဖွားနှုန်း ကျဆင်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လူဦးရေကျဆင်းသွားခဲ့ပါတယ်။

ဒီရာစုနှစ်မကုန်ခင် တရုတ်နိုင်ငံရဲ့ လူဦးရေက ၁ ဘီလီယံအောက် ရောက်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်ကာလအတွင်း တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံကျော် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက လူဦးရေအများဆုံး၊ အိန္ဒိယက ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။

Ref: BBC

………………………………..