ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာဓါတ်ပုံမှတ်တမ်းရယူရန် ထိုင်းဘဏ်ကြီးများစီစဉ်

0
2328

ထိုင်းနိုင်ငံ ဘဏ်ကြီးအများစုက လာမည့်မေလမှစ၍ ငွေကြေးလိမ်လည်မှုများနှင့် အလွဲသုံးစားအလုပ်ခံရမှုများမှ ကာကွယ်နိုင်ရန်အတွက် ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာအား ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ယနေ့တွင် ရေးသားလိုက်သည်။

အဆိုပါအစီအစဉ်ကို ဘန်ကောက်ဘဏ်၊ ကစီကွန်ဘဏ်ကဲ့သို့ နိုင်ငံတော်အဆင့် ဘဏ်ကြီးများက လာမည့် မေလမှစတင်ကာ မိတ်ဆက်အသုံးပြုရန် စီစဉ်ထားကြောင်း Bangkok Post ကလည်း မနေ့က ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ အလတ်စား၊ အသေးစားဘဏ်လုပ်ငန်းများကလည်း ယင်းအစီအစဉ်ကို လာမည့် ဇွန်လတွင် နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သုံးစွဲသူများ၏ ဇီဝလက္ခဏာသက်သေပြချက်များကို ရယူထားရမည့် အဆိုပါအစီအစဉ်ကို ဇွန်လတွင် ဘဏ်အားလုံးက စတင်အသုံးပြုရန် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ ပြီးခဲ့သော မတ်လက ပြောကြားခဲ့ပြီးနောက် ဘဏ်ကြီးများက လာမည့်လတွင် စတင်ရန် စီစဉ်လာခြင်းဖြစ်သည်။

ဘတ် ငါးသောင်းနှင့်အထက် မိုဘိုင်းငွေကြေးလွှဲပြောင်းမှု ၃ ခုကို ပြုလုပ်ရာတွင် မိမိအသုံးပြုသော မိုဘိုင်းဖုန်းမှတစ်ဆင့် သုံးစွဲသူ၏ မျက်နှာများကို ဓါတ်ပုံရိုက်မှတ်တမ်းတင်ကာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း သက်သေပြရမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။

ယင်း ၃ ခုမှာ ပြည်တွင်း သို့မဟုတ် နိုင်ငံခြားအကောင့်များသို့ ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်ခြင်း၊ တစ်နေ့လျှင် ဘတ် ၂ သိန်းအထက် ငွေသွင်းငွေထုတ်ငွေလွှဲပြုလုပ်ခြင်းနှင့် မိမိတို့၏ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်ရန် အကန့်အသတ်ကို ပြောင်းလဲခြင်းများ ပါဝင်သည်။

 မျက်နှာဓါတ်ပုံရိုက်ယူရာတွင် ကရူထိုင်းဘဏ်က ဘဏ်ဌာနခွဲများနှင့် ATM မှတစ်ဆင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ကစီကွန်ထိုင်းနှင့် ထိုင်းဖာနိ စသောဘဏ်ကြီးများက မိုဘိုင်းအက်ပလီကေးရှင်းများမှတစ်ဆင့် အသုံးပြုနိုင်ကြောင်း Steven Sanyu ကရေးသားထားသည်။

 ထို့ကြောင့် ထိုင်းနိုင်ငံ ဘဏ်များကို အသုံးပြုပြီး ငွေသွင်းငွေထုတ်ပြုလုပ်နေသူများ၊ အလွှဲအပြောင်းပြုလုပ်နေသူများ၊ အထူးသဖြင့် မြန်မာနိုင်ငံအတွက် တော်လှန်ရေး ထောက်ပို့လုပ်ဆောင်နေသူများ အနေဖြင့် သတိထားဖို့ လိုအပ်ကြောင်း ၎င်းက ရေးသားထားသည်။

 “မသိလိုက်ဘူး” ဆိုတာမဖြစ်စေဖို့ ပြည်သူများထည့်ဝင်လှူဒါန်းထားသော ငွေများကို လေလွင့်မှုမရှိစေဘဲ မဆုံးရှုံးရလေအောင် အကြောင်းပြချက်များ မကြုံရလေအောင် သတိထားသင့်ကြောင်း ၎င်းသည်။

သို့သော်လည်း သုံးစွဲသူများက ငွေပေးချေမှုများဖြစ်သော Credit Card၊ ဖုန်းဘေလ်နှင့် စတော့ဈေးကွက်ဝယ်ယူမှုများတွင် ဘတ် ငါးသောင်းကျော်လွှဲပြောင်းသော်လည်း မျက်နှာဓါတ်ပုံရိုက်စရာ မလိုအပ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ယင်းအပြင် နောက်ပိုင်းတွင် ဘဏ်များအနေဖြင့် ဘတ် ငါးသောင်းကျော်ငွေလွှဲငွေထုတ်မှုအတွက် မျက်နှာမှတ်တမ်းယူရာတွင် ပမာဏကို မိမိ၏ သုံးစွဲသူပေါ်မူတည်၍ ပြောင်းလဲပြင်ဆင်နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုအစီအစဉ်သည် ပမာဏများသော အွန်လိုင်းငွေလွှဲငွေထုတ်မှုများအတွက် အွန်လိုင်းငွေလိမ်လည်မှုကဲ့သို့ ဆိုင်ဘာဆိုးကျိုးများကို ကာကွယ်ပေးရန် ဇီဝလက္ခဏာသက်သေပြမှုများ လိုအပ်မည်ဖြစ်ကြောင်း သို့သော်သာမန်သုံးစွဲသူအများစုမှာ ဘတ် ငါးသောင်းအောက်သာ ငွေလွှဲငွေထုတ်ပြုလုပ်ကြသဖြင့် သက်ရောက်မှုအများကြီး ရှိမည်မဟုတ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။