လောင်းလုံး ကြက်ယယ်တွင်းရွာတွင် ဖဲဝိုင်းကို PDF ဝင်ဖမ်း၊ ရိုက်နှက်ပြစ်ဒဏ်ပေး

0
2857

လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းရွာ အရှေ့ပြင်ပိုင်းရှိ ဖဲဝိုင်းကို ဧပြီလ ၁၉ ရက်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လောင်းကစားပြုလုပ်သူများကို တုတ်ဖြင့် တစ်ချက်စီရိုက်ကာ သတိပေးပြီး လောင်းကြေးငွေများကို သိမ်းဆည်းသွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာရဲ့ အရှေ့ပြင်ပိုင်း ဘက်မှာပါ။ လှေလုပ်ငန်းနားနေကြတော့ ဖဲရိုက်နေကြတယ်ထင်တယ်။ အဲဒီမှာ PDF က ဝင်ဖမ်းသွားတယ်။ တစ်ချက်စီ ရိုက်ခံထိတယ်လို့လည်း ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဖဲရိုက်လောင်းကစားလုပ်နေသူ ၁၄ ဦးကို နောက်ထပ်မပြုလုပ်ရန် ခံဝန်လက်မှတ်ထိုးစေပြီး တုတ်ဖြင့် တစ်ချက်စီ ရိုက်၍လည်း အပြစ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က ထုတ်ပြန်ထားသည်။

ယင်းနောက် လောင်းကြေးငွေ ၄၉၅၀၀ ကျပ် တိတိကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

လောင်းလုံးတွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလအတွင်း ကျေးရွာသုံးရွာရှိ လောင်းကစားဝိုင်းများကို PDF က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

လောင်းကစားပြုလုပ်သူ ၅၀ကျော်ကို ခံဝန်ထိုးစေ၍ ပြစ်ဒဏ်ပေးခဲ့ပြီး လောင်းကြေးငွေများအဖြစ် မြန်မာငွေ ၁၆ သိန်းကျော်နှင့် ထိုင်းငွေ ဘတ် ၂၀၀၀ ခန့်ကို သိမ်းဆည်းခဲ့ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။