လောင်းလုံးတွင် PDF နှင့် မူးယစ်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်

0
2513

လောင်းလုံးမြို့နှင့်အနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့နှင့် နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ပထမအကြိမ်မှာ ဧပြီလ ၁၇ ရက်တွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Dawei Defense Team DDT တပ်ခွဲ ၃) နှင့် လောင်းလုံးမြို့ရှိ ပျူစောထီးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း DDT က သတင်းထုတ်ပြန်ထားသည်။

DDT တပ်ဖွဲ့ဝင်တို့ ခရီးသွားနေစဉ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပစ်တာက မြို့ထဲမှာတော့ မဟုတ်ဘူး။ မြို့အပြင်မှာဖြစ်ကြတာ။ အဲဒီလောက်ပဲသိတယ်။ အသေးစိတ်တော့မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

နောက်တစ်ရက် ဧပြီလ ၁၈ ရက်ညတွင်မူ လောင်းလုံးမြို့နှင့်ကပ်လျက်တည်ရှိသည့် ညင်းမော်ရွာရှိ မူးယစ်ဆေး အဖွဲ့နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကင်းလှည့်နေချိန် အဖွဲ့ဝင် ၅ ဦးပါ မူယစ်ဆေးအဖွဲ့နှင့်တိုးပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း LLPDF က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ချရန်ပြောဆိုသော်လည်း လိုက်နာခြင်းမရှိဘဲ မူးယစ်ဆေးအဖွဲ့က စတင်ပစ်ခတ်ပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

၎င်းမူးယစ်ဆေးအဖွဲ့သည် ကျေးရွာအတွင်း သေနတ်ပစ်ဖောက်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဖော်ပြပါရှိသည်။

မူးယစ်ဆေးဖြန့်ဖြူးရောင်းချနေသည့်အဖွဲ့ထံမှ သေနတ်မျိုးစုံ လေးလက်နှင့် အခြားလက်နက်များ၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေကြေးအချို့ စသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း LLPDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း ညအချိန် သေနတ်ပစ်ဖောက်လေ့ရှိသည့် ညင်းမော်ဒေသခံ မူယစ်ဆေးရောင်းချနေသူတစ်ဦး၏ နေအိမ်သို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လာရောက်ပြီး တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က (မူးယစ်အဖွဲ့က) အချင်းချင်းရန်ဖြစ်ပြီးရင် သေနတ် ထထဖောက်တယ်။ အဲဒါမျိုးနောက်ထပ်မလုပ်ဖို့ PDF က တားတာပေါ့။ မလိုက်နာလို့ သူတို့နေတဲ့တဲကို မီးရှို့တာ။ လူကိုလည်း ထိုးကြိတ်ကန်ကျောက်သွားတာ ခေါင်းမှာသွေးတွေတောင် ထွက်သွားတယ်တဲ့” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညင်းမော်ရွာရှိ ယင်းမူးယစ်ဆေးအဖွဲ့မှာ အာဏာမသိမ်းခင်ကတည်းက မူးယစ်ဆေးဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ပြီး ရွာထဲတွင်လည်း မူးယစ်ဆေးရောင်းဝယ်နေသူအချို့ ထပ်မံရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“မူးယစ်ဆေးအမှုနဲ့ ထောင်ကျပြီးလို့ ထောင်ကနေလွတ်လာရင် ပြန်ပြန်ပြီးလုပ်နေကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အခါကြီး ရက်ကြီးတို့တွင် စစ်ကောင်စီက ထောင်ကျနေသူများကို ပြန်လွှတ်ပေးလေ့ရှိပြီး ယင်းတို့အထဲတွင် မူးယစ်အမှုနှင့် ထောင်ကျနေသူများသာ အများစုပါဝင်နေသဖြင့် ဝေဖန်ခံနေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ ပိုများပြားလာပြီး ဒေသခံများ၏ ဥယျာဉ်ခြံ၊ လယ်တဲများတွင် နေထိုင်ကာ မူးယစ်ဆေးသုံးစွဲလေ့ရှိကြသည်။

ယင်းအတွက်ကြောင့် ဒေသခံများမှာ ဥယျာဉ်ခြံအတွင်းသွားလာရန် ထိတ်လန့်နေကြရသည်။

ဧပြီလ ၁၁ ရက်ကလည်း ညင်းမော်ရွာနှင့် ကပ်လျပ် စစ်ပြဲကျေးရွာအုပ်စု ရှေ့ဖက်ကားကျေးရွာရှိ မူးယစ်ဆေး ဒိုင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။