သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်ခြင်းမပြုရန် ထားဝယ်ပြောက်ကျားအဖွဲ့သတိပေး

0
2244
ပုံစာ - ယနေ့ ညနေပိုင်းက ဗဟိုဗဏ္ဍပ်တွင် လူအချို့‌‌ရေကစားနေသည်ကို တွေ့ရစဉ်

စစ်ကောင်စီကကျင်းပနေသည့် သင်္ကြန်မဏ္ဍပ်များသို့ မသွားကြရန်နှင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ထားဝယ်ပြောက်ကျားအဖွဲ့( Guerrilla Dawei )က သတိပေးချက် ယနေ့ထုတ်ပြန်လိုက်သည်။

သင်္ကြန်အကြိုနေ့တွင် ယင်းကဲ့သို့ထုတ်ပြန်သတိပေးလာခြင်းဖြစ်သည်။

သင်္ကြန်မဏ္ဍပ်များအနီး မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက မဏ္ဍပ်နှင့် မီတာ ၅၀၀ အကွာ ပတ်လည်သို့ သွားရောက်ခြင်းမပြုရန် သတိပေးချက်တွင် ပါရှိသည်။

တားမြစ်ဧရိယာအတွင်း ဖြစ်ပေါ်လာမည့် မည်သည့်ထိခိုက်မှုမျိုးကိုဆို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

Guerrilla Dawei အဖွဲ့သည့် ထားဝယ်မြို့ပေါ်တွင်လှုပ်ရှားသည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည်။

၂၀၂၂ ခုနှစ်သင်္ကြန်ကာလက ထားဝယ်ဆောက်လုပ်ရေးမဏ္ဍပ်အနီး ဖောက်ခွဲတိုက်ခိုက်မှုကို ယင်းအဖွဲ့က လုပ်ဆောင်ခဲ့ဖူးသည်။

စစ်ကောင်စီကလည်း ယခုနှစ်သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပမည်ဟုပြောဆိုထားသည်။

ထားဝယ်မြို့တွင် ကလေးသင်္ကြန်ကာလအတွင်း ရေကစားသူမရှိခဲ့ဘဲ သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင်မူ မြို့ထဲလမ်းသွယ်အချို့တွင်သာ ရေကစားသည့် ကလေးငယ်အချို့ရှိခဲ့သည်။

“မြို့ထဲမှာတော့ ကလေးတွေပဲ လမ်းကြိုကြားတွေထဲ နဲနဲပါးပါး ရေကစားနေတာ တွေ့ရတယ်။ လူကြီးတော့ ရေကစားနေတာ မတွေ့ရဘူး” ဟု မြို့ခံတစ်ဦးကဆိုသည်။

ဗဟိုဗဏ္ဍပ်တွင်လည်း ယနေ့ညနေ ၄ နာရီခန့်က ဌာနဆိုင်ရာနှင့် ယိမ်းအကအဖွဲ့ဝင် အများစုပါဝင်သည့် လူ ၂၀၀ ခန့် ရေကစားနေကြသည်ကို တွေ့ရသလို ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ဖိုးသီးချိုကလေးကစားကွင်းအနီးရှိ မဏ္ဍပ်တွင်လည်း လူ ၅၀ ခန့်ရေကစားခဲ့ကြောင်းတွေ့ရသည်။