စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ မော်တုန်းရွာသားခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရ

0
2174

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရွာသားခုနှစ်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။

မော်တုန်းအနောက်ကမ်း ကျေးရွာအတွင်းသို ဧပြီလ ၈ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ရွာသား ၇ ဦးခန့်ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအမျိုးသမီး ကပြောသည်။

“ခြေတွေ လက်တွေထိတယ်။ ခါးဆုံမှာထိသူလည်းရှိတယ်။ အဖိုးကြီးတစ်ယောက်ကတော့ နောက်ကျောမှာထိတယ်။ ထိတဲ့ကလေးတွေက ၁၂ နှစ် ၁၃ နှစ် အရွယ်တွေ၊၁၆ နှစ်က ၂ ယောက်ထိတယ်။၁၈ နှစ်က တစ်ယောက် အားလုံးယောကျ်ားတွေ”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီး ကပြောသည်။

မော်တုန်းရွာအနောက်စုနှင့် နမ်းစိုက်ပြင်ရပ်ကွက်ဘက်တွင် လက်နက်ကြီး စုစုပေါင်း ငါးလုံးကျရောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၆ ဆောင်ခန့်မှာလည်း အမိုးအကာပေါက်ပြဲ ပျက်စီးခဲ့ရသည်ဟု ဒေသခံအမျိုးသားကလည်း ကပြောသည်။

“ခုဆိုရင် ရွာထဲလူမရှိတော့ဘူး အကုန်ရွာပြင်ထွက်ပြေးနေရပြီ။ ဘာကြောင့်ပစ်မှန်းလည်းမသိဘူး။ အလုပ်အကိုင်လည်းမလုပ်ရ”ဟု ၎င်းကပြောသည်။

ဧပြီလ ၇ ရက်နေ့က မော်တုန်းကျေးရွာအုပ်စုအနီးရှိ ဘန်းလမွှတ်ကျေးရွာအုပ်စု ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်စီးလာသည့် မော်တော်ဆိုင်ကယ်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဧပြီ ၄ ရက်နှင့် ၅ ရက်တွင်လည်း စစ်ကားမိုင်းဆွဲခံရသေးသည်။

“အပြင်လမ်းမှာ သူတို့အတိုက်ခံရပြီဆို မဆီမဆိုင် ရွာထဲလှမ်းလှမ်းပစ်တယ်”ဟု ဒေသခံအမျိုးသမီးက ပြောသည်။

မော်တုန်းကျေးရွာသည် ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် လမ်းခွဲအတွင်းဘက် တစ်မိုင်ခန့်တွင်ရှိပြီး လက်နက်ကြီးများမကြာခဏအပစ်ခံရသဖြင့် ရွာသားအများစုမှာ ရွာတွင်နေထိုင်ခြင်းမရှိတော့ဘဲ ဘေးလွတ်ရာတွင် သွားရောက် စစ်ရှောင်နေကြရသည်။