လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် သရက်ချောင်း ကင်းရှေ့ရွာက နေအိမ်တစ်လုံးပျက်စီး

0
2083

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၉ ရက် နံနက် ၆ နာရီခန့်က စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းသို့ တိုက်ပွဲပြင်းထန်နေချိန် ရောင်းမော်ရွာဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကင်းရှေ့ရွာက နေအိမ်တစ်လုံးပျက်စီးခြင်းဖြစ်ကြောင်း ယင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းနားကိုလည်း နှစ်လုံးလောက်ကျတယ်။ အဲဒါပြီးတော့ ကင်းရှေ့ရွာထဲကို ဝင်လာပြီး ဘုန်းကြီးကျောင်းထဲ ဝင်ပုန်းနေတဲ့ ပန်းရံအလုပ်သမားတွေနဲ့ ရွာသူ ရွာသားတွေကို ဖမ်းသွားတယ်။ အိမ်ထဲမှာ နေနေတဲ့သူတွေရော ဖမ်းခံရတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ပန်းရံအလုပ်သမား ၁၀ ဦးခန့်ပါဝင်ပြီး အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးကြီးများနှင့် လူငယ်အမျိုးသမီးများ ဆယ်ဂဏန်းခန့်မှာ ခေတ္တဖမ်းခေါ်ခံရပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

ပန်းရံလုပ်နေသည့် လူငယ်လူရွယ် အမျိုးသားများကိုမူ စစ်ကောင်စီတပ်က စော်ဖျားရွာဘက်ကို အကာအကွယ်သဘောမျိုးဖြင့် ခေါ်ဆောင်ပြီး ရိက္ခာများကိုလည်း သယ်ခိုင်းသည်ဟုသိရကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စော်ဖျားရွာကို ရိက္ခာပို့အပြီးတွင် အားလုံးကိုပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကောင်စီတပ်က ရွာထဲဝင်လာသဖြင့် စော်ဖျား၊ ကင်းရှေ့၊ မိုးရွှေကုန်းကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၉ ရက် နံနက်ပိုင်းမှာ ထားဝယ်ခရိုင်က နေရာ ၃ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်တိုက်ပြီး သရက်ချောင်းမြို့နယ် စော်ဖျားရွာ စစ်ကောင်စီစခန်း၊ ထားဝယ်မြို့ မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ပကာရီရဲကင်းစခန်းတို့ တိုက်ခိုက်ခံရသည်။

မနေ့ကဖြစ်ပွားသည့် တိုက်ပွဲနှင့် ပက်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ သေသေချာချာ မသိရသေးပေ။