ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲကြောင့် မဲဆောက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ရှစ်ထောင်ကျော်ရှိလာပြီ

0
2335

မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဒေသဘက်သို့ စစ်ဘေးရှောင်လာခဲ့သော မြန်မာစစ်ဘေးရှောင် ရှစ်ထောင်ကျော်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ ညနေပိုင်းအထိ ကလေးငယ် ရှစ်ရာကျော်အပါအဝင် ဒေသခံ ရှစ်ထောင်ကျော်အထိ မဲဆောက်နယ်စပ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ဖော်ပြသည်။

ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ နယ်ခြားစောင့်တပ် BGF တပ်စခန်းနှစ်ခုကို ဧပြီလ ၅ ရက်နေ့ နံနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယင်းနောက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲကြောင့် ယနေ့ ဧပြီလ ၆ရက် ညနေပိုင်းအထိ ဒေသခံများသည် နယ်စပ် သောင်ရင်းမြစ်ကို ကျော်ဖြတ်ကာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်အရေအတွက်မှာ ပိုမိုများပြားလာနေကြောင်း သတင်းများတွင် ရေးသားထားသည်။

မြန်မာဘက်ခြမ်းက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ထိုင်းနိုင်ငံ နယ်စပ်ဘက်ခြမ်းမှပင် ကြားနေခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို တာခ့်ခရိုင် အာဏာပိုင်များက မဲဆောက်နှင့် မဲလမတ် ဒေသများတွင် စစ်ရှောင်စခန်း ၁၀ ခုကျော်ဖြင့် နေရာချပေးထားကြောင်း သတင်းများက ဆိုသည်။

လက်ရှိအချိန်တွင် မဲဆောက်ရှိ ကူညီရေးအဖွဲ့အစည်းများနှင့် မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများက နေရာထိုင်ခင်းနှင့် အစားအသောက်များ ကူညီထောက်ပံ့ပေးထားခဲ့ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

Ref: AEC ASEAN NEWS, Maesot Media