ထားဝယ်နိုင်ငံရေးကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုး စစ်ကိုင်းစစ်ဆင်ရေးတစ်ခုတွင် ကျဆုံး

0
3009

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုချစ်ဝေယံဖြိုးသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က စစ်ဆင်ရေးတစ်ခုတွင် မိုင်းမတော်တဆမှုကြောင့် ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက ကျဆုံးသွားကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။

အသက် ၂၄ နှစ်အရွယ် ကိုချစ်ဝေယံဖြိုးသည် ထားဝယ်မြို့ပြပြောက်ကျားသပိတ်များတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလတွင် ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-က၊ ၅၀၅-ဂ၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထားဝယ်အကျဉ်းထောင်တွင် ၆ လခန့် အကျဉ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု ဆိုသည်။

စစ်သင်တန်းဆင်းပြီးနောက် Armed Revolutionary Force (ခင်ဦး) တွင် ၂၀၂၃ ခုနှစ် မတ်လအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ARF က ရဲဘော်တဦးက ပြောသည်။

ယင်းနောက် ဗိုလ်နဂါး၏ တပ်ခွဲသစ်တစ်ခုတွင် တာဝန်ထမ်းဆောင်ရင်း ကန့်ဘလူမြို့နယ် ဇီးကုန်းနယ်အတွင်းတွင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိုင်း Error ရယ်လို့တော့ မဟုတ်ဘူး။ — တွေက စစ်ကြောင်းထိုးလာတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက လက်နက်က မပြည့်စုံတော့ မိုင်းနဲ့ပဲ ဧည့်ခံရတယ်ဗျာ။ မိုင်းတွေကို ပတ်လည်တွေထောင်ထားကြတယ်။ ပြည်သူတွေကို ငှဲ့လိုက်လို့ ကျသွားတာ” ဟု ၎င်းက ဆိုသည်။

ကိုချစ်ဝေယံဖြိုး၏ ရုပ်အလောင်းကို ယနေ့တွင်ပင် သင်္ဂြိုဟ်ပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“သူက ထားဝယ်ဇာတိကဆိုတော့ ကျွန်တော့်ကိုပြောပြဖူးတယ်။ သူ Drone သင်မယ်။ Drone သင်ပြီးရင် မိုင်းသင်မယ်။ သင်ပြီးသွားရင် သူ့မွေးရပ်မြေဖြစ်တဲ့ ထားဝယ်ဘက်မှာ လှုပ်ရှားချင်တယ်လို့ ကျွန်တော့်ကို ရင်ဖွင့်ဖူးတယ်ဗျ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ကိုချစ်ဝေယံဖြိုးမှာ ဗိုလ်နဂါး၏ တပ်ခွဲသစ်တစ်ခုတွင် ခေါင်းဆောင်ပိုင်းရာထူး ရယူထားပြီး ထားဝယ်သို့ ပြန်လာပြီး စစ်ဆင်ရေးလာလုပ်ဖို့ပြောဆိုထားကြောင်း ၎င်းနှင့်အတူ ထားဝယ်ထောင်တွင် ထောင်ကျခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။