ရေးတွင် လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ သေနတ်ဒဏ်ရာများဖြင့်သေဆုံးသည့် အမျိုးသားတစ်ဦးလည်းထပ်တွေ့

0
2246

မွန်ပြည်နယ်၊ ရေးမြို့နယ် သံဖြူဇရပ်-ရေးကားလမ်းမတွင် မော့ကနင်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရပြီး မော့ကနင်ရွာသစ်သား အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို မော့ကနင်ကျေးရွာအထွက် တံတားရှိ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လူငယ်တစ်ဦးတွင် ဘယ်ဘက်ဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး နောက်တစ်ဦးမှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။

“သူတို့က မော့ကနင်ရွာအထွက် တံတားမှာရှိနေတဲ့ စစ်တပ်က လှမ်းပစ်လိုက်တာ။ သူတို့က ရော်ဘာခြစ်ဖို့အသွားမှာ ပစ်ခံရတာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကျည်ထိမှန်ဒဏ်ရာရသည့် ရော်ဘာခြံလုပ်သား နှစ်ဦးအား ကယ်ဆယ်ရေးသမားများက လမိုင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ရေးမြို့နယ်၊ အောင်သာယာကျေးရွာအနီး ရေး-သံဖြူဇရပ် ကားလမ်းမဘေးတွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

အသက် ၄၇ နှစ်အရွယ် အဆိုအမျိုးသားမှာ မော့ကနင်ရွာသစ်ရွာက ဒေသခံဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနေ့ နံနက်ပိုင်းက ပစ်ခတ်သံများ ကြားရသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ညကလည်း ကျောင်းရွာမှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် အရပ်သားကား တစ်စီးသည် စစ်ကောင်စီ ခလရ-၆၁ တပ်ရင်းရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကားပေါ်ပါလာသည့် အမျိုးသား သေဆုံးသွားခဲ့သည်။