ထိုင်း လွှတ်တော် ဖျက်သိမ်း

0
2425

ထိုင်းနိုင်ငံ၌ မေလတွင် ကျင်းပရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲ မတိုင်မီ လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်။ ထိုကြောင့် ရွေးကောက်ပွဲရက် မကြာမီ ကြေညာရတော့မည်ဖြစ်သည်။

ယင်းရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ယူနိုက်တက် ထိုင်းနေးရှင်း ပါတီနှင့် သက်ဆင် ရှင်နာဝပ်၏ သမီးဖြစ်သူ ပက်တွန်တန်၏ ပွေထိုင်းပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

လွှတ်တော် ဖျက်သိမ်းပြီး ရက် ၆၀ အတွင်း ကျင်းပရမည်ဖြစ်သဖြင့် မကြာမီ ရက်ပိုင်းအတွင်း ရွေးကောက်ပွဲရက် ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲ အကြိုစစ်တမ်းများအရ ပက်တွန်တန်၏ ပွေထိုင်းပါတီက ပရာယွတ်၏ ပါတီထက် အသာရလျက်ရှိသည်။ ထိုင်းလွှတ်တော်တွင် ကိုယ်စားလှယ် ဦးရေ ၅၀၀ ရှိပြီး ၄၀၀ ဦးမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံများ ဖြစ်ပြီး ၁၀၀ ဦးမှာ ပါတီ ဦးဆောင် စာရင်းဖြင့် အချိုးအစားအလိုက် ရွေချယ်ခံရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်မှာ ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းခံလိုက်ရဦးနောက် နိုင်ငံပြင်ပတွင် နေထိုင်နေရသူ ဖြစ်သည်။ အမျိုးမျိုးသော တရားစွဲချက်များကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခြင်း မရှိတော့သော်လည်း ထိုင်းနိုင်ငံ အတွင်း ပါတီတစ်ရပ်ရပ် ထူထောင်၍ နောက်ကွယ်မှ ကြိုးကိုင်လေ့ရှိသည်ဟု ထင်ရှားသည်။

သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်သည်လည်း ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် ပွေထိုင်းပါတီမှ တစ်ဆင့် အနိုင်ရပြီး ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ်တွင် လွှတ်တော်တွင် ဖြုတ်ချခံလိုက်ရသည်။ များမကြာမီ ၂၀၁၄ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး သူမသည်လည်း ထိုင်းနိုင်ငံမှ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

ယခုအခါ သက်ဆင်ရှင်နာဝပ်၏ အသက် ၃၆ နှစ်အရွယ် သမီးဖြစ်သူက ပွေထိုင်းပါတီကို ဦးဆောင်၍ ရွေးကောက်ပွဲ ဝင်မည်ဖြစ်သည်။