ယနေ့ရွှေစျေး ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့်ဖွင့်၊ စျေးအပြောင်းအလဲများနေဟုဆို

0
1342

စျေးအတက်အကျ မြန်နေသဖြင့် ရွှေဈေးအတိအကျပြောပြီး ရောင်းဝယ်ရန် အခက်တွေ့ကာ ယနေ့ရွှေအဖွင့်စျေးမှာ ကျပ် သိန်း ၃၀ ဝန်းကျင်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကဆိုသည်။

ယမန်နေ့က ‌ဥပုသ်နေ့ဖြစ်သောကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစု ပိတ်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွှေအဖွင့်စျေး မေးမြန်းသူများပြားနေကြောင်း ၎င်းတို့ကဆိုသည်။

ယင်းကဲ့သို့ ဖုန်းဆက်သူများကို ယခင်ကကဲ့သို့ ရွှေဈေးအတိအကျပြောဆိုရန် အခက်တွေ့နေကြောင်း ဈေးကြီးတောင်ဖက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ယနေ့နံနက် ၉ နာရီခန့်တွင် ပြောဆိုသည်။

“ဖုန်းဆက်ပြီးမေးရင် ဈေးမပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးက တစ်မီနစ်အတွင်းမှာကို အမျိုးမျိုးပြောင်းနေတာ။ ဈေးပြောလိုက်ရင် ပြောတုန်းကတစ်မျိုး လာဝယ်တော့တစ်မျိုးဆိုပြီး ဆိုင်ကို အထင်လွဲခံရမှာစိုးလို့ပါ။ အဲ့ဒါကြောင့် ဆိုင်ရောက်မှပဲဈေးပြောပြီး ကြိုက်ရင်ဝယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်က ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင် ၃ ဆိုင်အားမေးမြန်းရာ အခေါက်ရွှေဈေးမှာ ဆိုင်နှင့်တစ်ဆိုင် မတူညီကြဘဲ အချို့က အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်ငါးသောင်း ကျပ်ဟုဆိုပြီး အချို့ဆိုင်က ကျပ်၂၉ သိန်း၊ ၃၀ သိန်း ဝန်းကျင်ဟုဆိုကြသည်။

ယမန့်နေ့ (ဩဂုတ်လ ၃ ရက်)ကမူ အခေါက်ရွှေတစ်ကျပ်သားကို ၂၈ သိန်းခွဲဖြင့် ဈေးဖွင့်ခဲ့ပြီး ၃၂ သိန်းဖြင့် ဈေးပိတ်ခဲ့ကြောင်း ပြောဆိုကြသည်။ သို့သော် ထိုနေ့က ဥပုသ်နေ့ဖြစ်သောကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစု ဆိုင်ပိတ်ထားခဲ့ကြသည်။