ပုလောမြို့နယ်တရားရုံးတွင် ဗုံးနှစ်လုံး ပေါက်ကွဲ

0
241

မြိတ်ခရိုင် ပလောမြို့နယ်တရားရုံးတွင် ယနေ့ (မတ် ၂၆) ဗုံးနှစ်လုံး ပေါက်ကွဲကြောင်း ပုလောဒေသခံများထံမှ သိရသည်။

ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်တရားရုံး၌ ယနေ့ နံနက် ၄ နာရီခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် နံနက် ၅ နာရီခန့်တွင် နောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲကြောင်း ပုလောမြို့ဒေသခံများက ပြောသည်။

“ပေါက်ကွဲတာ အကြမ်းကြီးပဲ။ ခေါင်မိုးတွေတောင် လန်ထွက်သွားတယ်” ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် တရားရုံးခေါင်မိုး၊ ပရိဘောဂများ၊ ပြတင်းပေါက်များ ပျက်စီးသွားပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီအချိန်က ရုံးမှာ လူမရှိတဲ့အချိန်လေ။ အချိန်ကိုရွေးပြီးတော့ လုပ်တာဖြစ်မယ်” ဟု ပုလောဒေသခံက ၎င်း၏ ယူဆချက်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များက ပုလောမြို့လမ်းဆုံ၊ လမ်းခွနေရာများတွင် ရောက်ရှိနေပြီး သွားလာနေသည့် ယာဉ်များကို စစ်ဆေးလျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုတော့
မသိရှိရသေးပေ။

ပုလောမြို့တွင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပုလောမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။