ပစ်ခတ်မှုဖြစ်သည့် ချောင်းနှစ်ခွတံတား ပိတ်ထား

0
227
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ရဲကင်း ယနေ့ (မတ် ၁၉) နံနက်ပိုင်းက ပစ်ခတ်ခံရ ပြီးနောက် တံတားကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ညနေ ၄နာရီပိုင်းအထိ ပိတ်ထားကြောင်း ခရီးသွား ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

“ပစ်ခတ်မှု ဖြစ်ပြီးနောက်မှာတော့ တံတားကို ပိတ်ထားလိုက်တယ်။ ဖြတ်သန်းသွားလာခွင့် မပေးဘူး” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်တို့ကို ဆယ်သွယ်ထား သည့် အဆိုပါ ချောင်းနှစ်ခွတံတားကို ပိတ်ထားလိုက်သည့်အတွက် ကားနှင့် ဆိုင်ကယ် ရာနှင့်ချီ ပိတ်မိပြီး ပြန်လှည့်နေရကြောင်း ဒေသခံအချို့ကို ယနေ့ ညနေ ၄နာရီကျော်က မေးမြန်းချက်အရ သိရသည်။

Dawei Watch က မေးမြန်းခဲ့သည့် ခရီးသွားပြည်သူအချို့မှာ ညနေ ၄နာရီကျော်တွင် လှည့်ပြန်လာ ခဲ့ကြသည်ဟု ပြောဆိုပြီး ယင်းနောက်ပိုင်းတွင် တံတားပြန်လည် ဖွင့်မဖွင့်ကိုမူ မသိတော့ကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် တံတား ပြန်ဖွင့်ခြင်း ရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်ခံရမှုတွင် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဒေသခံတို့အကြား ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်ပိုင်းအချိန်မှာပင် ချောင်းနှစ်ခွနှင့် တောင်ကလေးကြားတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။