မွန်ညီညွတ်ရေးပါတီ ညီလာခံ ကျင်းပ

0
189

မွန်ညီညွတ်ရေးပါတီ MUP ပထမဆုံးအကြိမ် ညီလာခံကို မော်လမြိုင်မြို့တွင် ယနေ့ (မတ် ၁၈) စတင် ကျင်းပကြောင်း ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

ပါတီညီလာခံကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပသွားရန် လျာထားကြောင်း ၎င်းတို့က ပြောသည်။

ညီလာခံအတွင်း ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ်များ သုံးသပ်အတည်ပြုခြင်း၊ ပါတီတည်ဆောက်ရေး ဥပဒေကို ပြင်ဆင်သုံးသပ် အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခြင်းနှင့် ဗဟိုအဆင့် ပါတီ ဦးဆောင်သူအဆင့်ဆင့်တို့ကို ရွေးချယ်တင်မြှောက်ခြင်းစသည့် အဓိက အချက် လေး ချက်ကို ဆွေးနွေး သွားရန်ရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောသည်။

ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ လေ့လာသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ကြေကာင်း ယင်းပါတီထံမှ သိရသည်။

မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှစ်ဦး စစ်ကောင်စီက ခန့်အပ်သည့် ရာထူးများ ရယူခဲ့သည့်အပေါ် ဝေဖန်ခံနေရသည့်အပြင် ပါတီအတွင်းမှာလည်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုကျင်းပနေသည့် ညီလာခံတွင် ဆွေးနွေးမည် မဟုတ်ကြောင်း ပါတီ ခေါင်းဆောင်တစ်ဦးက ပြောသည်။

မွန်ညီညွတ်ရေးပါတီကို မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေးအင်အားစုများဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းခန့်က တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ကာ မွန်ပြည်နယ်တွင် ဒုတိယအများဆုံး အနိုင်ရရှိထားသည်။