မောတောင်နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်း

0
265
မောတောင်မြို့ ပြည်ထောင်လမ်းစုလမ်းမကြီး တစ်နေရာ။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်(မြို့) နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော် ကျဆင်းနေဆဲဖြစ်ကြောင်း ယင်းနယ်စပ်နေသူတစ်ချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ပိတ်ခဲ့ပြီးနောက် အိမ်ခြံမြေအရောင်းအဝယ် စတင် ကျဆင်းလာရခြင်းဖြစ်ကြောင်း မောတောင်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ဖူးသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပြသည်။

“အရောင်းအဝယ်ကတော့ ပါးပါးလေး‌တော့ ဖြစ်နေကြသေးတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မပိတ်မီအချိန်က တစ်လလျှင် အိမ်ခြံမြေအရောင်းအဝယ် ပျမ်းမျှ ခုနှစ်ခုခန့် ရှိနေရာမှ လက်ရှိတွင် သုံးခုခန့်သာ အရောင်းအဝယ်ဖြစ်နေရကြောင်း မောတောင်နေသူအချို့က ဆိုသည်။

နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ထိုင်းသို့ လည်ပတ်ခွင့် မရှိခြင်း၊ ဒေသခံတို့သည် မောတောင်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ စင်ခွန်းဈေးတွင် ဒေသထွက်ကုန်တို့အား သွားရောက်ရောင်းချခွင့် မရှိခြင်းနှင့် ထိုင်းသို့ နေ့ချင်းပြန် လခစားအလုပ်သမားတို့ အလုပ်လုပ်ကိုင်ခွင့် မရှိခြင်း စသည့်အခက်အခဲတို့နှင့် ရင်ဆိုင်နေရကြောင်း မော‌တောင်နေသူတို့မှ သိရသည်။

ယင်းကဲ့သို့ စီးပွားရေးအခြေအနေနှင့် အလုပ်အကိုင်အခွင့်လမ်း နည်းပါးမှုတို့ကြောင့် အိမ်ခြံမြေများ အရောင်းအဝယ် ထိုးကျလာခြင်းဖြစ်ကြောင်း မောတောင်နယ်စပ်နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

လက်ရှိ အိမ်ခြံမြေဈေးနှုန်းတို့မှာ မြေနေရာအပေါ်မူတည်ပြီး အရှည် ၆၀ ပေ၊ အကျယ် ၄၀ ပေရှိ ခြံနှင့် နေအိမ်တစ်လုံး ဝယ်လျှင် အများဆုံး ဘတ် ငွေ ၂၀ သိန်းနီးပါး (ကျပ် သိန်းတစ်ထောင်ကျော်ခန့်) မှ အနည်းဆုံး ဘတ်ငွေ ၁ သိန်းကျော်ခန့် (ကျပ် ၆၀ သိန်းခန့်အထိ) အရောင်းအဝယ်ဖြစ်နေကြောင်း မောတောင်နေသူ အချို့မှ သိရသည်။

မော‌တောင်နယ်စပ်တွင် ထိုင်းဘတ်ငွေသာ အသုံးပြုကြပြီး အိမ်ခြံမြေတို့အား အသိမိတ်ဆွေတို့မှ တဆင့် ရောင်းချသူနှင့် ဝယ်သူတို့တိုက်ရိုက်တွေ့ဆုံပြီး အရောင်းအဝယ်ပြုလုပ်လေ့ရှိကြသည်။

လက်ရှိတွင် အရောင်းအဝယ် ကျဆင်းသော်လည်း ဈေးနှုန်းအတက်အကျမရှိဘဲ ငြိမ်နေကြောင်း ဒေသခံ များထံမှ သိရသည်။ သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာငွေ တန်းဖိုး ကျသွားသဖြင့် မြန်မာ ငွေဖြင့် ဝယ်မည်ဆိုလျှင် ယခင်ကထက် ဈေးမြင့်တက်သွားသည်။

မောင်တောနယ်စပ်ရှိ အိမ်ခြံမြေတို့အား မြိတ်၊ တနင်္သာရီမြို့နှင့် အခြားနယ်တို့မှ သွားရောက်ဝယ်ယူလေ့ရှိကြကြောင်း သိရသည်။