ရောင်းမော်တိုက်ပွဲတွင် DDT ခေါင်းဆောင် ကိုတင်နိုင် ကျဆုံးခဲ့ဟု ထုတ်ပြန်

0
146

ထားဝယ်မြို့နယ် ရောင်းမော်ရွာတိုက်ပွဲတွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ခေါင်းဆောင်ဖြစ်သူ ကိုတင်နိုင် ကျဆုံးသွားကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

DDTတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတင်နိုင် ခေါ် ကိုဂျိမ်းဘွန်းသည် အခြားတပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ ဇူလိုင်လ ၇ ရက်ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် ကိုယ်ပိုင်အမှတ် ၀၀၇ ဖြစ်သူ ကိုတင်နိုင်နှင့် အတူ ကိုယ်ပိုင်အမှတ် ၀၃၃ တို့ ကျဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။

ဒေသခံများအဆိုရ ရောင်းမော်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

DDT နှင့် အပြန်အလှန်ပစ်ခတ်သူများကမူ ၎င်းတို့မှာ ပြည်သူ့စစ်အဖွဲ့သာဖြစ်ကြောင်း ပြောဆိုထားသည်။ကိုတင်နိုင်သည် ထားဝယ်မြို့တွင် ထင်ရှားသော ဧည့်လမ်းညွှန်တစ်ဦဖြစ်ပြီး တိုက်တန် ကုမ္ပဏီ ထူထောင်ကာ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team) အနေဖြင့် ဦးဆောင်သူချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။