တစ်အိမ်လုံး ကိုဗစ်ကူးခံရက အစားအသောက် ဆေးဝါးဝယ်ပေးမည့် ကူညီမှု ထားဝယ်မှာ စတင်

0
126
Dawei Watch, Dawei News, Dawei News Media

အိမ်သားအားလုံး ကိုဗစ်ရောဂါ ကူးစက်ခံရပါက အစားအသောက်နှင့်ဆေးဝါး ဝယ်ယူပို့ဆောင်ပေးမည့် အခမဲ့ကူညီမှုကို ထားဝယ်မြို့တွင် စတင်လုပ်ဆောင်လာသည်။ထားဝယ်မြို့အတွင်း အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို Dream Journey ကော်ဖီဆိုင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့မှာယူမည်ဆိုပါက Dream Journey ကော်ဖီဆိုင်၏ ၀၅၉ -၂၀၂၃၂၅၇ ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။အိမ်သားအားလုံး ကိုဗစ်ကူးစက်ခံရပါက အပြင်ထွက်မဝယ်နိုင်ခြင်းကြောင့် ယင်းကဲ့သို့ အခမဲ့ပို့ဆောင်ပေးရန် စီစဉ်ဖြစ်ခဲ့ကြောင်း ယင်းဆိုင်၏ တာဝန်ရှိသူက ဆိုသည်။

ထိုသို့မှာယူရာတွင် မှာသူက အစားအသောက်နှင့် ဆေးဝါးပစ္စည်းတန်ဖိုးအတိုင်းသာ ပြန်ပေးရမည်ဖြစ်ပြီး ဝယ်ယူပို့ဆောင်ခြင်းကိုမူ အခမဲ့ကူညီပေးခြင်းဖြစ်သည်။

“တစ်အိမ်လုံး ဖြစ်နေတာဆိုရင် သူတို့က အပြင်ထွက်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် ကျွန်တော်တို့က သူတို့မှာတာတွေကို လိုက်ဝယ်ပေးပြီး အိမ်ကိုသွားပို့ပေးမယ်ခင်ဗျား” ဟု ယင်းကော်ဖီဆိုင်၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ကိုဗစ်ကူးခံရသူက တစ်ဦးတည်းနေထိုင်ပြီး ငွေကြေး အခက်အခဲရှိပါက အစားအသောက်နှင့် ဆေးဝါးကို ၎င်းတို့ဘက်မှ တတ်နိုင်သမျှလှူဒါန်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကူညီပေးခြင်းကို ထားဝယ်မြို့အတွင်းနှင့် အနီးဝန်းကျင်ကျေးရွာများအထိ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၇ နာရီခန့်မှ ညနေ ၅ နာရီအထိ ကူညီပေးမည်ဖြစ်ကြောင်း ယင်းကော်ဖီဆိုင်ထံမှ သိရသည်။