မှတ်ပုံတင်မဲ့ဆိုင်ကယ်များ လိုင်စင် စလုပ်ပေး

0
1824

တိုင်းအတွင်းရှိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ ၇ ရက်နေ့မှစကာ လိုင်စင်လုပ်ပေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ထံမှ သိရသည်။

တိုင်းအတွင်းရှိ သက်ဆိုင်ရာ ကညနရုံးများတွင် ဇူလိုင်လ ၇ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ လုပ်ဆောင်နိုင်ပြီး ‘ယ’ နံပါတ် ထွက်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ဒေသခံ ဆိုင်ကယ်ပိုင်ရှင်များ နှစ်သက်ခြင်းမရှိသည့် နံပါတ်အားလုံးပေါင်းခြင်း၏ရလဒ် ဆယ်ပြည့်ဂဏန်းနှင့် ၁၃ ဂဏန်းပါဝင်ခြင်းမရှိကြောင်း သိရသည်။

ဆိုင်ကယ်လိုင်စင်လုပ်ဆောင်ရာတွင် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ ထုတ်လုပ်သည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။အကောက်ခွန်ဌာနမှ ကောက်ခံမည့် အခွန်အပြင် ကညန၊ သူတစ်ပါးထိခိုက်မှုအာမခံကြေး အစရှိသည့် အခွန်အခများလည်း ပေးသွင်းရမည်ဖြစ်သည်။

ကောက်ခံမည့်နှုန်းထားများကို ဓာတ်ပုံတွင် ဖော်ပြထားသည်။ဆိုင်ကယ်လိုင်စင်အား ရုံးဖွင့်ရက်အတွင်း နံနက် ကိုးနာရီမှ ညနေ လေးနာရီခွဲအထိ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဆိုင်ကယ်အစီးရေ ကန့်သတ်ထားခြင်းမရှိကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်နိုင်က ဆိုသည်။

“သူတို့လာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့ကတော့ ကန့်သတ်မထားဘူးခင်ဗျား” ဟု ဦးအောင်နိုင်က ပြောသည်။တပ်အာဏာမသိမ်းမီကလည်း မှတ်ပုံတင်မဲ့ဆိုင်ကယ်များကို ဒေသလိုင်စင်(TNI) များ လုပ်ပေးခဲ့ဖူးပြီး ကိုဗစ်ကူးစက်မှုမြင့်တက်လာသည့်အတွက် ရပ်နားသွားခဲ့သည်။

လက်ရှိတွင် ‘ယ’ လိုင်စင်လုပ်မည်ဆိုပါက ပိုင်ရှင်၏ မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ လိုအပ်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။လိုင်စင်သက်တမ်း တစ်ဆက်တည်းငါးနှစ်ကျော်နေခြင်း၊ ကြံ့ခိုင်မှုမရှိခြင်းအစရှိသည့် ဆိုင်ကယ်များကိုမူ လုပ်ပေးမည်မဟုတ်ကြောင်း ကန့်သတ်ထားသည်။

ထို့အပြင် ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးနှုန်းသာ ရုံးအတွင်းဝင်ရောက်ရန်၊ လိုအပ်သည့်စာရွက်စာတမ်းများကို မြင်သာသည့်အိတ်ဖြင့်ထည့်သွင်းပြီး ယူလာရန်၊ လုံခြုံရေးစစ်ဆေးခြင်းကို လက်ခံရန် အစရှိသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။

ပုံစာ- ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ ၊ ထုတ်လုပ်နိုင်ငံအလိုက် အခွန်နှုန်းထားများ