ကိုဗစ်အန္တရာယ်ကြားတွင် လူစု၊ လူဝေးဖြင့် ကလေးများ ကာကွယ်ဆေးထိုးနေရ

0
323

ကလေးကို လက်ဆွဲသူကဆွဲ၊ ချီထားသူကချီကာ ကာကွယ်ဆေးထိုးခွင့်ရရန် စောင့်ဆိုင်းနေကြသည့် ရာချီသော လူစု၊ လူဝေး တစ်ခု ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၏ အရှေ့ မြေကွက်လပ်ပေါ်တွင် တိုးဝှေ့တန်းစီနေကြသည်။မနက် ၇ နာရီတွင် ထုတ်ပေးသည့် တိုကင်ရရှိရန် လာရောက် တန်းစီနေခြင်းဖြစ်သည်။

ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်စုံမှ ဒေသခံများထိုနေရာတွင် တန်းစီနေကြသည်။ဇူလိုင်လ ၅ ရက်မှ ၇ ရက်အထိသာ ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးပေးမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ လူအများအပြား လာရောက်စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ကလေးမိဘအချို့က ပြောဆိုကြသည်။

“ကာကွယ်ဆေးလာထိုးတာ ဒုက္ခသည်စခန်းကို ရောက်သွားသလိုပဲ။ ကားကြီး၊ ကားငယ်နဲ့ ဝက်ဝက်ကွဲပဲ လူတွေတိုးနေကြတာ။ အနည်းဆုံးမရှိဘူးဆိုရင် လူထောင်နဲ့ချီရှိတယ်” ဟု လောင်းလုံးမြို့နယ်မှ ဆေးလာထိုးသည့် ကလေးမိခင်တစ်ဦးက ဆိုသည်။ကလေးငယ်များ ထိုးနှံရသည့် ကာကွယ်ဆေးကို ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးအနီးရှိ ထားဝယ်မြို့နယ် ဒေသန္တရကျန်းမာရေးနှင့် ကျောင်းကျန်းမာရေးဌာနရုံးဝင်းအတွင်းတွင် ထိုးနှံပေးခြင်းဖြစ်သည်။

တစ်နေ့လျှင် ကလေး ၂၀၀ ကိုသာ ကာကွယ်ဆေးထိုးပေးပြီး ယင်းကလေး ၂၀၀ အား ကျန်းမာရေးဝန်ထမ်း သုံးဦးကသာ ဆေးထိုးပေးနေခြင်းဖြစ်ကြောင်း ကလေးမိခင်အချို့က ပြောသည်။ယင်းကာကွယ်ဆေးထိုးနေသည့် နေရာသို့ ဇူလိုင်လ ၇ ရက် နံနက်ပိုင်းတွင် Dawei Watch က သွားရောက်လေ့လာခဲ့ရာ ကျန်းမာရေးဝန်ထမ်း ဆယ်ဦးခန့်ကိုတွေ့ရသည်။

အချို့မှာ ယူနီဖောင်းမဝတ်ထားပေ။ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ကာကွယ်ဆေးထိုးပေးနေပြီး ကျန်ဝန်ထမ်းများက စာရွက်စာတမ်းများကို ဆောင်ရွက်ပေးနေသည်ကို တွေ့ခဲရသည်။သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့နယ်တို့ဘက်မှ လာရောက်ကာကွယ်ဆေးထိုးသူအချို့သည် နံနက် ၅ နာရီကတည်းက လာစောင့်နေကြကြောင်း ပြောဆိုကြသည်။

“မနက် ၇ နာရီကတည်းက စောင့်နေတာ အခုမှ (၁၂ နာရီ ထိုးခါနီးမှ) ကျွန်တော်သား ဆေးထိုးရတာ” ဟု ဇူလိုင်လ ၇ ရက်က ဆေးလာထိုးသည့် သရက်ချောင်းမြို့နယ်နေ ကလေးဖခင်တစ်ဦးက ဆိုသည်။ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်ကြားမှ ကလေးများအား ကာကွယ်ဆေးထိုးပေးသည့်နေရာတွင် လူစု၊ လူဝေးဖြစ်ပေါ်နေသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

“ကိုဗစ်ကြောင့်ဆိုပြီး ဆိုင်ထိုင်မစားရဘူးဆိုပြီးပြောကြတယ်ပေါ့။ အခုကာကွယ်ဆေးထိုးတဲ့နေရာမှာဖြစ်နေတာက အခြေအနေအရမ်းဆိုးတယ်။ ကိုဗစ်ကူးပြီးသေမယ်ဆို သေလို့ရတယ်” ဟု လောင်းလုံးမြို့နယ်မှ ကလေးမိခင်တစ်ဦးက ဆိုသည်။ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အချိန်တွင် ကျန်းမာရေးဌာနအနေဖြင့် လူစု၊ လူဝေးဖြင့် ကလေးများကို ကာကွယ်ဆေး ထိုးပေးနေသည်ကို မသိခြင်းကြောင့် ယင်းနေရာသို့ ဆေးထိုးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေးဖခင်တစ်ဦးက ဆိုသည်။

“ကလေးအတွက် ကာကွယ်ဆေးသွားထိုးပေမယ့် ကျွန်တော်မှာ ကိုဗစ်ပြန်ရမယ်လို့ စိတ်ထဲမှာ ခံစားနေရတယ်။ Risk (အန္တရာယ်) ရှိတယ်” ဟု ၎င်းကဆိုသည်။သို့သော် အချို့ကလေးမိဘများမှာ ကလေးများကာကွယ်ဆေးမထိုးဘဲ နေရမည်ကို စိုးရိမ်သဖြင့် ယင်းနေရာသို့ မဖြစ်မနေ သွားနေရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ကာကွယ်ဆေးထိုးရာတွင် လူစု၊ လူဝေးဖြစ်ပေါ်ခဲ့သည့်ကိစ္စအပါအဝင် အခြားမြို့များမှ ကာကွယ်ဆေးမထိုးရသေးသော ကလေးများအတွက် မည်သို့ စီမံထားကြောင်း မေးမြန်းရန်အတွက် တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတို့ထံ ဇူလိုင်လ ၇ ရက် ညနေ သုံးနာရီအထိ ဖုန်းအကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သည်။သို့သော် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့်မေးမြန်းခွင့်မရခဲ့ပေ။

ကာကွယ်ဆေးထိုးပေးနေသည့် နေရာမှကျန်းမာရေးဝန်ထမ်းတစ်ဦးကမူ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် မထင်မှတ်ဘဲ လူစု၊ လူဝေးဖြစ်သွားခြင်းဖြစ်ကြောင်းဆိုသည်။ ယင်းလူစုလူဝေးမှာလည်း တစ်နေ့လုံးမဟုတ်ဘဲ နေ့တစ်ဝက်သာဖြစ်သည်ဟု ဆိုသည်။ပုံမှန်အားဖြင့် လက်ရှိထိုးနှံပေးနေသော ကာကွယ်‌ဆေးကို ကျေးရွာကျန်းမာရေး ဝန်ထမ်းများက လစဉ်ထိုးနှံပေးရခြင်းဖြစ်သည်။

လက်ရှိတွင်မူ ကျန်းမာရေးဝန်ထမ်းများမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ထားကြခြင်း၊ အလုပ်ထုတ်ခံထားရခြင်းတို့ ရှိနေသည်။ပုံမှန်ကာကွယ်ဆေးအုပ်စုတွင် ဆုံဆို့ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ၊ ရိုတာဗိုင်းရပ် ကြောင့်ဖြစ်ပွားသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စသည်တို့ ပါဝင်သည်။ မွေးကင်းစ၊ အသက်လေးလ၊ ခြောက်လ၊ တစ်နှစ်ခွဲအရွယ် ကလေးများအား ထိုးနှံပေးသည်။

၂၀၂၀ ခုနှစ် ဧပြီလအတွင်းကလည်း ကလေးများ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကိုဗစ်ကြောင့် မေလသို့ ရွေ့ပြီး ထိုးပေးခဲ့ရဖူးသည်။အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကျေးရွာများတွင် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ပေ။

“အစ်မ သမီးက (အသက်) ၁၁ လဖြစ်ပြီ။ နှစ်လသာမှာတစ်ကြိမ်၊ လေးလသားမှာ တစ်ကြိမ်ပဲထိုးရသေးတယ်။ ခြောက်လနဲ့ ကိုးလမထိုးရသေးဘူး”ဟု ကလေးမိခင် တစ်ဦးက ဆိုသည်။နောက်ပိုင်းတွင် ကလေးကျန်းမာရေးမကောင်းသဖြင့် အပြင်ဆေးခန်းသွားပြရာမှ ကာကွယ်ဆေးထိုးရန် လိုအပ်နေကြောင်း ဆရာဝန်က ညွန်ကြားသဖြင့် ဇူလိုင်လ ၆ ရက်က ကာကွယ်ဆေးသွားထိုးခဲ့ကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့၏ ၂၀၂၀ ခုနှစ် မေလ စာရင်းအရ တိုင်းအတွင်းတွင် ပုံမှန်ကာကွယ်ဆေးထိုးနေသည့် ကလေးသုံးထောင်ကျော်ရှိကြောင်း သိရသည်။လက်ရှိတွင်မူ ကလေးများမှာ အာဏာသိမ်းမှု နောက်ဆက်တွဲ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု၊ ကိုဗစ်ကပ်ဘေးကြားတို့ ကြားထဲတွင် ရွေးချယ်စရာမရှိဘဲ လူစု၊ လူဝေးကြားထဲမှာပင် ကာကွယ်ဆေးထိုးနေရကြောင်း ကလေးမိဘ အချို့က ပြောဆိုကြသည်။

“မိခင်တစ်ယောက်အနေနဲ့ကတော့ ကလေးအတွက်အစိုးရိမ်ပြီး ကာကွယ်ဆေးသွားထိုး တာပါ။ ဒါပေမယ့် အခုလို လူအများကြီးနဲ့ ထိုးရတဲ့အပေါ်မှာတော့ ပြောစရာစကားတောင် မရှိတော့ဘူး။ ကိုဗစ်ကိုတောင် သံသယဝင်မိတယ်။ တကယ်ဖြစ်နေတာမှ ဟုတ်ရဲ့လားလို့လေ” ဟု မိခင်တစ်ဦးက ဆိုလေသည်။