ကျောက်မော်ကြီးရပ်ကွက် ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရ

0
138
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်၊ လမ်းသစ်လမ်းတွင် မေလ ၁၇ ရက် မနက်က ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရကြောင်း ၎င်းတို့၏ မိသားစုဝင်ထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ရဲနှင့် စစ်သားများက ကားလေးစီးဖြင့် ရောက်လာပြီးနောက် အသက် ၂၀ အရွယ်ရှိ မြေးဖြစ်သူ ကိုပိုင်ခန့်ဇော်အား လာရောက်ဖမ်းဆီးခဲ့ကြောင်း အဖွားဖြစ်သူက ဆိုသည်။

ထို့အပြင် နေအိမ်ရှိ တူတော်စပ်သူ ၅ ဦးနှင့် သမက်ဖြစ်သူကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်အပတ်က ဖမ်းမိသည့် သပိတ်ခေါင်းဆောင်တစ်ဦးနှင့် ဆက်နွယ်ကာ ကိုပိုင်ခန့်ဇော်အား လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရကြောင်း အဖွားဖြစ်သူက ဆိုသည်။

တူတော်စပ်သူများနှင့် သမက်ဖြစ်သူမှာ ငါးဖမ်းလှေလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် လှေဝင်လာသည့်အတွက် လာရောက်လည်ပတ်ခြင်းသာဖြစ်ကြောင်း ၎င်း ပြောသည်။

“ပိုင်ခန့်ဇော်ကို မျက်နှာကိုဖုံးပြီး ခေါ်သွားတယ်ရှင်”ဟု အဖွားဖြစ်သူက ဆိုသည်။

လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း အဖွားဖြစ်သူထံမှ သိရသည်။