ထားဝယ်တွင် မိသားစုဝင်သုံးဦး အဖမ်းခံရ

0
145
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ စွယ်တော်လမ်းတွင် နေထိုင်သည့် ကိုပိုင်ပိုင်ဦးကို နေအိမ်တွင် လာရောက်ဖမ်းဆီးစဉ် ၎င်းအား မတွေ့သဖြင့် မိသားစုဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကိုပိုင်ပိုင်ဦးက ပြောသည်။

မေလ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က တပ်ဖွဲ့ဝင်များသည် အရပ်ကားနှစ်စီးအပြင် ဆိုင်ကယ်များဖြင့်ရောက်လာကာ ကိုပိုင်ပိုင်ဦးအား လာဖမ်းရာတွင် အိမ်တွင်မရှိသဖြင့် ၎င်း၏ မိခင်ဖြစ်သူနှင့် ညီနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကိုပိုင်ပိုင်ဦးက ပြောသည်။

ကိုပိုင်ပိုင်ဦး၏ပြောဆိုချက်အရ ၎င်းကို ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ပစ်ခတ်မှုတစ်ခုတွင် ပိုင်ပိုင်ဦးဆိုသည့် နာမည်တူတစ်ဦးနှင့်မှားယွင်းကာ လာဖမ်းခြင်းဖြစ်ပြီး လက်ရှိတွင် မိခင်ဖြစ်သူနှင့် ညီဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်ထားသဖြင့် မိသားစုဝင်များအတွက် စိတ်ပူနေသည်ဟု ဆိုသည်။

“ကိုယ်လည်း ဘာမှမလုပ်ဘဲနဲ့ ဘာမှမဆိုင်ဘဲနဲ့ ကြားကနေခံရတာမျိုးဖြစ်နေတယ်၊ သူတို့ဟာက နည်းနည်းလွဲနေသလိုမျိုးဖြစ်နေတယ်၊ နည်းနည်း စိစစ်ခိုင်းချင်တယ်ပေါ့၊ အမှန်တရားနည်းလမ်းအတိုင်းပဲ လုပ်ပေးစေချင်တယ်” ဟု ကိုပိုင်ပိုင်ဦးက ဆိုသည်။

တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်၊ အိမ်စီးကားနှစ်စီးနှင့် လက်နက်များကိုင်ဆောင်ထားပြီး အင်အား တစ်ဆယ်ကျော်ရှိသည်ဟု ၎င်းက ပြောသည်။

ကိုပိုင်ပိုင်ဦး၏ မိခင်မှာ အသက် ၄၃ နှစ်၊ ညီအငယ်ဆုံးမှာ အသက် ၂၀ ခန့်ရှိ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ညီအလတ်မှာအသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး လက်ရှိနေအိမ်တွင် အသက် ၉၀ ကျော်အဖွားတစ်ဦးတည်း ကျန်နေသည်ဟု ၎င်းက ပြောသည်။