ဒက္ခိဏသတင်းထောက်အမှု မေလ ၁၉ ရက်နေ့ ပြန်ချိန်း

0
126

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအမှုကို မေလ ၁၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

Dakkhina Insight (ဒက္ခိဏ) သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ထိုနေ့ ညနေမှာပင် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့သည်။

၎င်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၄၅ ၊ ၅၀၅ – က တို့ဖြင့် တရားစွဲတင်ထားပြီး ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေသည်။

ပြီးခဲ့သည့် ရုံးချိန်းဖြစ်သည့် မေလ ၆ ရက်နေ့က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) အကြိုအစည်းအဝေး လုပ်ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ဆိုသည်။

လာမည့်ရုံးချိန်းတွင် CMP အပြီးသတ် အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

“အပြီးသတ်အစည်းအဝေးလုပ်မယ်ပေါ့နော်၊ တရားလိုစစ်ဖြစ်မယ်ဆိုရင်လည်း စစ်မယ်ဆိုပြီး ချိန်းလိုက်တယ်” ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

လက်ရှိတွင် ကိုနိုင်လင်းထွန်းမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းက ဆိုသည်။

ကိုနိုင်လင်းထွန်းအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ကို နကစ ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

(၁)နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် ကြံရွယ်ခြင်း (၂)မမှန်ကန် ကြောင်းကြိုတင်သိရှိပါလျက် မမှန်သတင်းများဖြန့်ဝေမှုပြုလုပ်လျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်ခြင်း၊ (၃)အစိုးရဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ၊ အစိုးရဝန်ထမ်းတစ်ဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းအများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်/ ကြံရွယ်/ လှုံ့ဆော်ခြင်းဟု ဖော်ပြထားသည်။

အထက်ပါအချက်များကို ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ – ၁၄၅ မှာ လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်နေခြင်းဖြစ်ပြီး ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။