တရားမဝင်မြေဖို့ထားသည့် လယ်ယာမြေများ ၇ ရက်အတွင်း ပြန်ဖယ်ပြီး စပါးစိုက်ရမည်

0
404

လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ထားပါက ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ထားသည်။

အဆိုပါမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ လယ်ယာမြေပေါ်တွင် တရားမဝင် မြေဖို့ ၊မြေညှိ၊ မြေပြင်ထားည်ကို စစ်ဆေးတွေ့ရသဖြင့် ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရန် စာထုတ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဖို့ထားသည့်မြေကို ဖယ်ရှားပြီး မူလစိုက်ပျိုးခဲ့သည့်စပါးကို ပြန်လည်စိုက်ပျိုးရန်ဟုလည်း အမိန့်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ လယ်မြေပေါ်မြေဖို့ထားသည့်အတွက် ပြန်လည်ဖယ်ရှားရန် အမိန့်ထုတ်ထားသည့် အခြားနေရာများလည်းရှိကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

နေရာအရေအတွက်ကိုမူ အသေးစိတ်ပြန်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမိန့်ထုတ်ထားသည့်အတိုင်း ၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

လယ်ယာမြေဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရပြီး မြေစာရင်းဦးစီးမှူးက အတွင်းရေးမှူးဖြစ်သည်။

“လယ်ယာမြေဥပဒေရှိတဲ့အတိုင်းပဲ ဆက်လုပ်သွားမှာပေါ့နော့”ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ပြီး မြေအကွက်ရိုက်ရောင်းချမှုများ တွင်ကျယ်စွာဖြစ်နေသည့်အတွက် တပ်အာဏာမသိမ်းမီကလည်း ယင်းကဲ့သို့ အမိန့်ထုတ်ခဲ့ဖူးသည်။

လောင်းလုံးမြို့နယ်အတွင်း လယ်မြေပေါ် တရားမဝင်မြေဖို့ပြီး မြေအကွက်ရိုက်ရောင်းချနေသည့် နေရာ ၅ ခုတွင် မူလလယ်ကွက် အတိုင်း ပြန်လုပ်ရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း လောင်းလုံးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ဇန်နဝါရီလအတွင်း ပြောဆိုထားသည်။

သို့ရာတွင် သတိပေးဆိုင်းဘုတ်ထောင်ထားသည့် သောကြာပြင်ရွာနှင့် ထိန်သစ်ကျေးရွာတို့တွင် ဖို့ထားသည့်မြေကို ဖယ်ရှားခြင်းမရှိသည့်အပြင် အိမ်အသစ်များကိုပင် ထပ်မံဆောက်လုပ်နေကြသည်။