ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း

0
152

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့ရုံးချိန်းတွင်လည်း မစစ်ဖြစ်သေးကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

အမှုအား ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

ကိုကျော်ထွေးမှာ ကိုသော်လွင်အောင်နှင့် ဆက်စပ်တရားခံပြေးအမှု(ရာထွေအမှု) မပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းကရှင်းပြသည်။

လာမည့်ရုံးချိန်းတွင် ကိုသော်လွင်အောင် ဖမ်းဝရမ်းထုတ်သည့်အမှုကို ပြီးပြတ်အောင်လုပ်မည်ဟု သိရကြောင်း ယင်းတရားလွှတ်တော်ရှေ့နေက ဆိုသည်။

“ဆက်စပ်အမှုပြီးမှ ကိုကျော်ထွေးအမှုကို ကိုင်မှာ၊ လောလောဆယ် ကိုကျော်ထွေးအမှုက ဒီအတိုင်းရုံးချိန်းပဲ ပြန်ပေးသေးတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကိုကျော်ထွေးမှာ အနည်းငယ်ပိန်သွားသည်မှအပ ကျန်းမာရေးကောင်းမွန်ကြောင်း တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။