မြို့နယ် ခြောက်မြို့နယ်မှ လယ်နှင့် ဥယျာဉ်ခြံပိုင်ရှင်များ သွင်းအားစု ထောက်ပံ့ကြေးရမည်

0
155
လယ်သမားနှင့် ဥယျာဉ်ခြံ ပိုင်ရှင်များ

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ လယ်နှင့် ဥယျာဉ်ခြံပိုင် ရှင်များအား ၃၈ ဒေါ်လာ (ကျပ် ငါးသောင်းနီးပါး) နှင့်ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းသမဝါယမဦးစီးဌာနထံမှ သိရသည်။

ထောက်ပံ့ရန် ရွေးချယ်ထားသော မြို့နယ်များမှာ သရက်ချောင်း၊ ရေဖြူ၊ တနင်္သာရီ၊ ကျွန်းစုနှင့် ပုလော၊ ဘုတ်ပြင်း မြို့နယ်တို့ ဖြစ်သည်။ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော ဆင်းရဲချို့တဲ့မှု အညွှန်းကိန်း ၁၀ အထိရှိသော မြို့နယ်များ ကို ရွေးချယ်ထားခြင်း ဖြစ်သည်။

“ဖြစ်နိုင်ခြေကတော့ အစောဆုံး ဧပြီလနဲ့ စက်တင်ဘာလကြားထဲမှာစထောက်ပံ့ဖြစ်မယ်” ဟု တိုင်းသမဝါယမ ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် က ဆိုသည်။

ထောက်ပံ့မှုမှာ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ ဓာတ်မြေ သြဇာများ (သွင်းအားစု) ဝယ်ယူရန်အတွက် ထောက်ပံ့ခြင်းမျိုးဖြစ်သည်။ ငွေသား တိုက်ရိုက်ထောက်ပံ့ခြင်း မဟုတ်ပေ။

လယ်နှင့် ဥယျာဉ်ခြံ ငါးဧကနှင့် ငါးဧကအောက် လယ်ယာလုပ်ကိုင်ခွင့်ပြု လက်မှတ် (ပုံစံ ၇) ရရှိထားပြီး မြေကွက် ပြနိုင်သူများစသည့် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည့် အချက် (၇) ချက် နှင့် ကိုက်ညီသောသူများကိုသာ ရွေးချယ်ထောက်ပံ့မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမြင့် က ပြောသည်။

အချို့မြို့နယ်များတွင် ထောက်ပံ့ပေးမည့် လယ်သမားနှင့် ဥယျာဉ်ခြံ ပိုင်ရှင်များ စာရင်းကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

ရန်နိုင်ထွန်း