ကိုဗစ်၊ အင်တာနက်လိုင်းနှင့် ကျေးလက်၏ ကလေးများ

0
171
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလ အချိန် ကြာလာသည်နှင့်အမျှ ကျေးလက်တွင် နေထိုင်သော ကလေးများသည် လိုင်းမမိသည့်အတွက် အခက်အခဲ တွေ့နေကြရသည်။

ကိုဗစ်ကာလအတွင်း စာသင်ကျောင်းများ ရပ်နားထားသော်လည်း အားလပ်ချိန်အတွင်း မြို့ပြရှိ ကလေးများသည် မိမိ တို့ ဝါသနာပါသော အသိပညာ၊ အတတ်ပညာ အရပ်ရပ်ကို အွန်လိုင်းစနစ်ဖြင့် သင်ယူတတ်မြောက်ခွင့် ရကြသည်။ ထိုသို့ အသိပညာ၊ အတတ်ပညာ အသီးသီးကို အခမဲ့ သင်ကြားပေးနေသော ဖေ့စ်ဘုတ်ပေ့ချ်များ၊ အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများလည်း များစွာ ရှိနေကြသည်။

ကျေးလက်တွင် နေထိုင်သော ကလေးများသည်ကား ဖုန်းလိုင်းမမိခြင်း၊ အင်တာနက်လိုင်း မကောင်းခြင်းတို့အတွက် Zoom Application ကို အသုံး ပြုရန် မဖြစ်နိုင်ပေ။ ယခုလက်ရှိ အသိပညာများ မျှဝေရာတွင် အသုံးပြုသည်ကလည်း Zoom Application သာ အများဆုံးဖြစ်သည်။

ကျေးလက်နေ ကလေးများသည် ကိုဗစ်အန္တရာယ်ကို ဆိုးရွားစွာ မခံစား ကြရသော်လည်း အားလပ်ချိန်များတွင် ပညာသင်ယူရေးအတွက် အကျိုးရှိအောင် အသုံးချခွင့် မရကြပေ။ ထိုအခြေအနေမှာ ကလေးများအတွက် ငြီးငွေ့ဖွယ်ရာလည်း ဖြစ်သည်။ မိဘ၏ အလုပ်များကို ကူဖော်လောင်ဖက် လုပ်ပေးပြီးသည့်တိုင် အားလပ်သော အချိန်များစွာ ရှိနေသေးသည့်ရာ ထိုအချိန်များအား မည်သို့ အသုံးချရမည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။

ကျေးလက်တွင် ယောကျာ်းလေး အများစုက ရာဘာခြစ်၊ အစေးသိမ်း၊ စက်ကြိတ် စသည့် အလုပ်များတွင် ကူလေ့ရှိပြီး မိန်းကလေး အများစုက ကွမ်းသီးကောက်၊ ကွမ်းသီးခွဲ၊ အိမ်နောက်ကူလေ့ ရှိသည်။ အခြား အားလပ်ချိန်များတွင် ကျေးလက်သဘာဝ ကလေးများစု၍ ဂေါ်လီလှိမ့်၊ ထုတ်စည်းထိုး၊ ခွက်စီပစ် ကစားကြသည်။

“ကြာလာတော့ ကျွန်တော်တို့လည်း ငြီးငွေ့တာပေါ့။ ဒီထက်ပိုပြီး ပြောရမယ်ဆို မြို့ပြ ကလေးတွေနဲ့စာရင် အသိပညာ ပိုင်းအရ အရမ်းကွာဟ ကျန်ခဲ့မှာစိုးတယ်” ဟု ကဒဲကဒွတ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား မောင်ချစ်ပိုင်စိုးက ပြောသည်။

ကျွန်းစုမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ဝ ကျော် ရှိပြီး အင်တာနက်လိုင်း မကောင်းရှိသည့် ကျေးရွာမှာ တစ်ဝက်ခန့် ရှိသေးသည်။

ဟိန်းသက်ပိုင်