လုံခြုံရေးတင်းကျပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်တွင် ခိုးဝင်မှုများ ရှိနေဟုဆို

0
298
Dawei Watch, Dawei News, Dawei News Media

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီ ခန်ခရိုင် စင်ခွန်းနယ်စပ်တစ်လျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ထားသော်လည်း အောက်တိုဘာလ ၁၀ ရက်နေ့က ခိုးဝင် မှုများရှိနေကြောင်း မြိတ်-ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မည့်စိုးသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေမှ စတင်ကာ မြိတ်ခရိုင်နှင့် ပရာ ကျွပ်ခီရီခန်ခရိုင်တို့အကြား ကီလိုမီတာ ၂၀ဝ(မိုင် ၁၂၀ ကျော်)ကျော်ရှိ နယ်စပ် တစ်လျှောက်တွင် တောလမ်းမှ သွားလာနိုင်သည့် နေရာများအား သံဆူးကြိုး များကာရံခြင်းနှင့် ကင်းစခန်းများ စောင့်ကြည့်ခြင်း စသည့် လုံခြုံရေးအစီအမံ များအား ထိုင်းဘက်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လုံခြုံရေးများဆောင်ရွက်ထားချိန်တွင် ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲတိုက်နယ်ရှိ အမှတ် ၅ ကျေးရွာတွင် မြန်မာနိုင်ငံသား အချို့ပုန်းအောင်းနေကြောင်း သတင်းပေးပို့လားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မတွေ့ရှိရဘဲ ၎င်းတို့၏ ရေဘူး၊ ရေခွက်နှင့် ဖိနပ်များအား တွေ့ရှိခဲ့ရကြောင်း ဦးအောင်ကြည်မြင့် က ပြောပြသည်။

ယင်းကဲ့သို့ ခိုးဝင်မှုများရှိနေသည့်အတွက် လုံခြုံရေးအစီအမံအား ထပ်မံ တင်းကျပ်သွားရန် စီစဉ်နေသည်ဟု ဆိုသည်။

မြင့်မိုရ်(မြိတ်)