ကိုဗစ်ဒုတိယလှိုင်း တော်လှန်ရေး

0
1127

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေသည့် ကိုဗစ်ဒုတိယလှိုင်းအား တန်ပြန် တုံ့ပြန်ရန် တနင်္သာရီတိုင်းအစိုးရက ပြင်ဆင်ပြီ။

ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားချိန်က ကန့်သတ်ထားသည့် ကမ်းခြေလည် ပတ်ခွင့်ကို ကန့်သတ်ခြင်းအပါအဝင် အခြားစည်းကမ်းချက်များကို ပြန်လည်ကြပ်မတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

လက်ရှိတွင် ကိုဗစ်ကပ်ဘေးက မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းအသွင်ဖြစ်လာပြီး ကူးစက်သူ များပြားလာသည်။ ထိုသို့သော အခြေအနေတွင် ကိုဗစ်ကပ်ဘေးကာလအစက တိုင်းအစိုးရက ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို လိုက်နာမှု ကျဆင်းသွားရာ သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများက ကြပ်မတ်ရမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ

က ဆိုသည်။
အစိုးရက ယခင်ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များမှာ လက်ရှိ အချိန်အထိ အသက်ဝင်နေဆဲလည်း ဖြစ်သည်။

“အမိန့်တွေက ထုတ်ပြန်ထားပြီး သားပါ။ ကြပ်မတ်ဖို့က သက်ဆိုင်ရာ ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ယင်းသို့ တိုင်းအစိုးရက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို ပြန်လည်ကြပ်မတ်ရန် သြဂုတ်လ ၂၇ ရက် နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ခရီးသည်တင်ယာဉ်များ
ခရီးသည်ထိုင်ခုံ နှစ်ခုံလျှင် တစ်ဦးသာ တင်ဆောင်ရန် ခရီးသည်တင်ကားများကို ညွှန်ကြားထားရာ အစပိုင်းတွင်လိုက် နာမှုရှိသော်လည်း နောက်ပိုင်းတွင် လျော့ရဲလာခဲ့သည်ကို အစိုးရက သတိ ပြုမိခဲ့သည်။

ကားဂိတ်မှစတင်ထွက်ခွာချိန်တွင် ယင်းစည်းကမ်းချက်ကို လိုက်နာကြသော်လည်း လမ်းခရီးတွင် လမ်းကြုံလူ တင်နေသည်များလည်း ရှိနေသည်။ အချို့ ခရီးသည်တင်ကားအသေး (အန်စာတုံးကဲ့သို့) ယာဉ်များက ခရီးသည်အပြည့် တင်ဆောင်လေ့ ရှိသည်။

ထိုကြောင့် ယင်းကိစ္စကို ကြပ်မတ်ရန် သက်ဆိုင်ရာဌာနသို့ ညွှန်ကြားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ စည်းကမ်းချက်ကို ဖောက်ဖျက်သည့် ခရီးသည်တင်ကားကို ထိရောက်စွာ အရေးယူနိုင်ရေးကိုလည်း စဉ်းစား လျက်ရှိသည်။

စားသောက်ဆိုင်များ
စားသောက်ဆိုင်/ လက်ဖက်ရည် ဆိုင်ဖွင့်မည်ဆိုပါက ဆိုင်ပေါက်ဝတွင် လက်ဆေးဘေစင်ထားရန်၊ စားသုံးသူ များကို ကိုယ်အပူချိန်တိုင်းခြင်း၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်းနှင့် မျက်နှာကာတပ်ပြီးမှ ရောင်းချစေခြင်း အစရှိသည့် အချက်များကို ကျန်းမာရေးဌာနက သတ်မှတ်ထားသည်။

လက်ရှိတွင် ဆိုင်အများစုမှာ သတ်မှတ်စည်းကမ်းချက်များကို မေ့လျော့ စပြုလာပြီ ဖြစ်သည်။

ထိုကြောင့် ဆိုင်များ စည်းကမ်း ချက်လိုက်နာမှုရှိ/မရှိကို စစ်ဆေးကာ တင်းတင်းကျပ်ကျပ် ကြပ်မတ်သွားကာ စည်းကမ်းမလိုက်နာသည့်ဆိုင်များအား ပါဆယ်စနစ်သာ ရောင်းခွင့်ပြုတော့မည် ဖြစ်ပြီး နောက်ထပ်ကျူးလွန်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဆိုသည်။

ကမ်းခြေနှင့် ရေတံခွန်များ
ကိုဗစ်ဒုတိယလှိုင်းသည် တိုင်းအတွင်းရှိ ကမ်းခြေများသို့လည်း ရိုက်ခတ် ခဲ့သည်။

သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် နောက်ထပ် အချက် တစ်ခုမှာ ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့် ကန့်သတ်ရန်ကိစ္စ ဖြစ်သည်။

တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို မတ်လ ၂၇ ရက်နေ့တွင် လည်ပတ်ခွင့်ပိတ်ခဲ့ပြီးနောက် ဇွန်လဆန်း(၃ရက် နေ့) တွင် ပြန်လည်လည်ပတ်ခွင့်ပြုထား ခဲ့သည်။

သို့ရာတွင် ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်မြင့်လာသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ အများပြည်သူ လည်ပတ်နေမှုကို ရပ်တန့်ရန် ကော်မတီက ဆုံးဖြတ်ခဲ့ပြီး မကြာမီတွင် ထုတ်ပြန်ကြေညာရန် စီစဉ်နေသည်။

ညမထွက်ရအမိန့်
လက်ရှိတွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန် ထားသည်။ သို့သော် ည ၁၂ နာရီနောက် ပိုင်း သွားလာသူများရှိနေပြီး ယင်းအမိန့်မှာ အိပ်ပျော်နေခဲ့သည်။

ထိုကြောင့် ယင်းကိစ္စကိုလည်း ကြပ်မတ်ရန် ရဲတပ်ဖွဲ့ကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ညွှန်ကြားလိုက်သည်။

ညဘက်ဖွင့်သည့် လမ်းဘေးလက်ဖက်ရည်ဆိုင်(မိုးအလင်းဆိုင်)များလည်း ည ၁၂ နာရီကျော်သည်အထိ ရောင်းချနေကြရာ အဆိုပါဆိုင်များ ညမထွက်ရ အမိန့်လိုက်နာစေရေး ကိုင်တွယ်ရန် စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ သို့လည်း ညွှန်ကြားထားသည်။

တိုင်းခြား နယ်စပ်ဂိတ်
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဖြစ်သည့် မလွှဲတောင်စစ်ဆေး ရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်ကို အခုရက်ပိုင်းအတွင်း ပြန်ဖွင့်လိုက်ပြီး ခရီးသည်များကို ကျန်းမာရေး စစ်ဆေးနေသည်။

ထို့အပြင် ညမထွက်ရအမိန့်ဖြစ်သည့် ည ၁၂ နာရီမှ နံနက်၄ နာရီအထိ ခရီးသည်တင်မှန်လုံကားကြီးများမှလွဲ ၍ ကျန်သည့် အိမ်စီးကား၊ ကုန်ကား အစရှိသည့်ကားများကို ဖြတ်သန်းခွင့် မပြုတော့ပေ။

မလွှဲတောင်ဂိတ်၌ ကျန်းမာရေးစစ် ဆေးချိန်တွင် မြန်ဆန်မှုရှိစေရန် ကျန်းမာရေး၊ ထွေအုပ်နှင့် ပရဟိတအသင်းအဖွဲ့ များမှ စေတနာ့ဝန်ထမ်းများဖြင့် အားဖြည့်လုပ်ဆောင်နေကြောင်း ဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။

ခရိုင်နှင့် မြို့ကြီးများသို့ ဝင်ပေါက်
ခရိုင်မြို့ကြီးများနှင့် မြို့များ၏ အဝင်ဝတွင် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များ ပြန်ဖွင့်ရန်လည်း ကော်မတီညှိ နှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မေတ္တာ အစရှိသည့် မြို့များတွင် ပြန်ဖွင့်မည်ဖြစ်သည်။ အချို့သော ကျန်းမာ ရေးစစ်ဆေးသည့်ဂိတ်များကိုမူ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သည်။

သို့သော် ကျေးရွာများတွင်မူ မိမိ အစီအစဉ်ဖြင့် ဖွင့်ခွင့်မပြုပေ။

ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားချိန်က ကျေးရွာများတွင် မိမိအစီအစဉ်ဖြင့် ဂိတ်များဖွင့်ကြသည့်အတွက် အငြင်းပွားဝေဖန်မှုအချို့ ရှိခဲ့သည်။

နယ်စပ်ဝင်ပေါက်များ
မြန်မာရွှေ့ပြောင်းလုပ်သားအချို့က ထိုင်းနိုင်ငံသို့ ဝင်ထွက်သွားလာရာတွင် တနင်္သာရီတိုင်းအတွင်းမှ ဖြတ်သန်း သွားလာသူများ ရှိနေသည်။

ထိုကြောင့် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာသူများအနေဖြင့် အစိုးရက တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ဝင်ပေါက်များမှ ဝင်လာရန် တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ တရားမဝင်လမ်းကြောင်းမှ ဝင်လာပါက ကူးစက်ရောဂါ များ ကာကွယ်နှိမ်နင်းရေးဥပဒေအပြင် လဝကအက်ဥပဒေဖြင့်ပါ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း အစိုးရက ခြောက်လှန့်ထားသည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ သွားရန် လာရောက်သူများကို စိစစ်နေပြီး တွေ့ရှိပါက ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

တိုင်းရဲတပ်ဖွဲ့စာရင်းအရ ကိုဗစ် စတင်ဖြစ်ပွားချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ တရားမဝင် ဝင်ရောက်လာသည့်အတွက် တရားစွဲဆိုထားသည့်အမှု ၆ မှု ရှိသည်။

ကျူစခန်းများ
တိုင်းအတွင်းရှိ အသွားအလာကန့် သတ်စောင့်ကြည့်သည့် ကွာရန်တင်း (Qurantine) စခန်းများတွင် နေထိုင် ရသူများမှာ စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာမှုအားနည်းနေသည့်အတွက် ပြန်လည်ကြပ်မတ်ရန်လည်း လိုအပ်နေသည်ဟု အစိုးရကော်မတီက ဆုံးဖြတ်ခဲ့သည်။

ထားဝယ်မြို့၊ သာသနာ့ဗိမာန်ရှိ စခန်းတွင်လည်း စောင့်ကြည့်ခံထား ရသူအား လာရောက်တွေ့ဆုံသူများ သည် ခြံစည်းရိုးအတွင်းနှင့် အပြင်တို့တွင် တွေ့ဆုံပြီး စကားပြောမှုများ ရှိနေသည်။ ထိုအခြေအနေကို ကြပ်မတ်ရန် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကို ညွှန်ကြားမည်ဖြစ်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

နှာခေါင်းစည်းမတပ်သူများ
နေအိမ်မှထွက်ခွာချိန်တွင် နှာခေါင်းစည်းမတပ်သူများကို အရေးယူမှု ပြန်လုပ်နေကြောင်း ကော်မတီအတွင်း ရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

လမ်းသွားချိန် နှာခေါင်းစည်း မတပ်က ဒဏ်ငွေ ကျပ်ငါးထောင်ပေးဆောင်စေရန် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

မတ်လကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ဘေးအား အစော ပိုင်းကာလတွင် ပြည်သူများက စိုးရိမ်တကြီး ဖြစ်ခဲ့ကြသော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ယင်းစိုးရိမ်စိတ်တို့မှာ လျော့ကျလာခဲ့သည်ကို တွေ့ရှိရသည်။ အချိန် လေးလကျော်ကြာမြင့်လာပြီး နောက်တွင် ရခိုင်ပြည်နယ်၌ ရက်ပိုင်းအတွင်း ရာနှင့်ချီ ကူးစက်မှုဖြင့် ကိုဗစ် -၁၉ သည် ပြည်သူများအား တစ်ဖန် ပြန်လည်၍ တပ်လှန့်လိုက်သည်။

ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားချိန်က ထုတ်ပြန်ထားသည့် စည်းကမ်းသတ် မှတ်ချက်များကို ပြည်သူများက လိုက်နာ မှုအားနည်းသကဲ့သို့ တာဝန်ရှိသူများကလည်း ကြပ်မတ်မှု အားနည်းခဲ့ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

ထိုကြောင့် လက်ရှိတွင် အဆိုပါ စည်းကမ်းချက်များအတိုင်း ကြပ်မတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများကို ညွှန်ကြား မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျ က ဆိုသည်။

“အမိန့်က on paper (စာရွက်ပေါ်)အဖြစ်သွားပြီး မြေပြင်မှာ မဖြစ်တာမျိုး မလိုချင်ပါဘူး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျ က ပြောသည်။