တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား

0
343

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်းအဖြစ်သွားရောက်တာဝန် ထမ်းဆောင်ရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး စာရင်းပေး ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှပြောရေးဆို ခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ နှင့် ကျန်းမာရေးကြီးကြပ်(၂) ဆရာ၊ ဆရာမများက လက်ရှိစာရင်းပေးထားပြီး ကုသရေးဦးစီးဌာနမှ စာရင်းကိုမူ လတ်တလော မရရှိသေးကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ မည်သည့်အချိန်တွင် သွားရောက် ရမည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

သြဂုတ်လ ၂၈ ရက် မနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည် ပြုလူနာ ၂၁၇ ခန့်ဦးရှိပြီး အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်လည်း ရောဂါပိုး ကူးစက်ခံနေရသူများ ရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ကူးစက်မှုသည် အထူးမြန် ဆန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ယင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့ (Volunteer) စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခေါ်ယူနေခြင်း ဖြစ်သည်။

ရောဂါလက္ခဏာမပြသဘဲ ကူးစက်ခံနေရသူများလည်း ရှိနေမည်မှာ သေချာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၆၂၈ ဦးရှိပြီ ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သြဂုတ် လ ၂၈ ရက်နေ့ ထုတ်ပြန်မှုအရ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၄ သန်းကျော်ရှိနေပြီး ရှစ်သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

မိုးမြင့်