မြေကွက်ရိုက်ရောင်းရာတွင် ပါဝင်က ကျောသားရင်သားမခွဲဘဲ အရေးယူမည်ဟု ဝန်ကြီးချုပ် ထပ်ပြော

0
592

အခြားနည်းအသုံးပြုခွင့်မကျဘဲ လယ်ယာမြေပေါ်အကွက်ရိုက်ရောင်းချရာတွင် ပါဝင်ပတ်သက်သူများကို ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်က ထပ်မံ ပြောဆိုခဲ့သည်။

ထိုသို့ အကွက်ရိုက်ရောင်းချရာတွင် ပါဝင်ပတ်သက်သူမည်သူ့ကိုမဆို လယ်ယာ မြေဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို ခွင့်ပြုချက်မရှိဘဲ မြေဖို့ခြင်း၊ အပြောင်ရှင်းခြင်းနှင့် အကွက်ရိုက်ရောင်းချမှုကဲ့သို့ အခြားနည်း အသုံးပြုပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ယခုနှစ် အစောပိုင်းတွင်လည်း ပြောဆိုထားသည်။

“မိမိရဲ့သဘောနဲ့ ကိုယ့်ဟာကို အကွက်ရိုက်ပြီးတော့ ရောင်းချတာတို့ လုံးဝမလုပ်ပါနဲ့။ ကျွန်တော်တို့ကတော့ ကျောသားရင်သား ခွဲမှာ မဟုတ်ပါဘူး၊ ကိုယ်နဲ့ရင်းနှီးတာရော မရင်းနှီးတာရော အကုန်လုံးကို ကြည့်မှာမဟုတ်ပါဘူး” ဟု ဦးမြင့်မောင်က ပြောသည်။

သို့သော် လယ်ယာမြေပေါ် ဖြေဖို့ ခြင်း၊ အပြောင်ရှင်းခြင်းနှင့် အကွက်ရိုက် ရောင်းချမှုများကို ပြောင်ပြောင်တင်းတင်း လုပ်နေကြဆဲ ဖြစ်သည်။

ထားဝယ်မြို့ဧရိယာအတွင်း၌ပင် မြေအကွက်ရိုက်ရောင်းချမှုများ ရှိနေသည်။

တနင်္သာရီတိုင်းအတွင်း လက်ရှိ အစိုးရစတင်တာဝန်ယူချိန်မှ ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ စာရင်းအရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုထားသည့်အတွက် တရားစွဲဆိုထားမှု ၁၁ မှုနှင့် တားမြစ်စာ ၅၈ စောင် ထုတ်ထားပြီးဖြစ်ကြောင်း တိုင်းမြေစာရင်းဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံ ချင်တာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မလုပ်ပါနဲ့။ လုပ်ရင်နောက်ထပ်ပြင်ဆင်ထားတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ ရှိပါတယ်” ဟု ဦးမြင့်မောင်က ပြောသည်။

ပုဂေါဇွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီစွမ်ကမူ လက်ရှိတွင် ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့၌ တရားမဝင် မြေကွက်ရိုက်ရောင်းချမှု များပြားလာပြီး ရပ်ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်မတားဆီးနိုင်ဘဲ လက်လျှော့ထားရသည်ဟု ညည်းတွားနေသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စုပေါင်း သုံးသိန်းနီးပါးရှိပြီး ၎င်းအနက်မှ အိမ်ထောင်စုပေါင်း ခြောက်သောင်းခွဲကျော်တွင် ကိုယ်ပိုင်အိမ်မရှိကြပေ။

ထိုအခြေအနေများကြောင့် မြို့ရွာများတိုးချဲ့နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် စိစစ်တင်ပြခိုင်းထားပြီး စနစ်တကျလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။

၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုပါက ထောင်ဒဏ် အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ် အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံးကျပ် ၅ သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရခံရမည်ဖြစ်သည်။