ရေဖြူက မိုင်းထောင်သူကို ဖမ်းမိ

0
769

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်စု ဒိုက်တကော်ကျေးရွာတွင် ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှ မိုင်းထောင်သူဟု ယူဆရသူကို ဖမ်းမိထားပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းသည် ဒိုက်တကော် ကျေးရွာသားတစ်ဦး၏ ‌ရော်ဘာခြံထဲ တဲအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းနင်းမိသည့် ‌ရော်ဘာခြံပိုင်ရှင် အမျိုးသားမှာ မျက်စိတစ်စုံနှင့် ညာဘက် ခြေထောက်တစ်ဖက် ဆုံးရှုံးသွား ခဲ့ရသည်။

ဇွန်လ ၂၁ ရက်တွင် မိုင်းထောင်ခဲ့သည်ဟု ယူဆရသော တစ်ရွာတည်းနေသူ အသက် ၆၄ နှစ်အရွယ် အမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်မင်းဦးက ပြောသည်။

ယင်းဥပဒေအရ အနိမ့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်ဆယ်နှစ်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်ကြောင်း ရဲအုပ်ကျော်မင်းဦးက ပြောသည်။

“သူကတော့ လုပ်တော့ လုပ်မိတယ် လို့တော့ ကျွန်တော်တို့ကို ဝန်ခံထားတယ်။ အခုတော့ ချုပ်မိန့်ရမန် ယူထားတယ်။ ချုပ်မိန့်ရမန် ရက်သုံးဆယ် ပြည့်ရင်တော့ တရားစွဲတင်မှာပေါ့နော်။ ပြစ်ဒဏ်ကတော့ တရားရုံးကပဲ ဆုံးဖြတ်မှာပေါ့နော်” ဟု ရဲအုပ်ကျော်မင်းဦးက ပြောသည်။

ဖမ်းမိထားသော အမျိုးသားသည် ယခင်က လက်လုပ်မိုင်းဖြင့် ငါးမိုင်းခွဲ ဖမ်းဆီးခြင်းမျိုးကို လုပ်ဆောင်ခဲ့ဖူးကြောင်း သိရှိရသဖြင့် စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

မိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာ ရရှိသူမှာ ဇွန်လ ၂၃ ရက်အထိ ထားဝယ် ဆေးရုံတွင် ဆေးကုမူခံယူနေဆဲဖြစ်ပြီး မျက်လုံးတစ်စုံ အစားထိုးကုသရမည်ဖြစ်ပြီး ညာဘက်ခြေထောက်ကိုမူ ပေါင်အလယ်မှ ဖြတ်တောက် ကုသမှုပေးထားသည်။

ကျော်သူစိုး