စားသောက်ကုန်အပါအဝင် ကုန်စည်များအညွှန်းကို မြန်မာလို မဖော်ပြက လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်

0
1091

စားသောက်ကုန်များအပါအဝင် ကုန်စည်များတွင် အညွှန်းနှင့် သတိပေး ချက်များကို မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်း မရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူတော့မည် ဖြစ်သည်။
သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်း ပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေး ထွက်ဆိုးကျိုး အစရှိသည့် အညွှန်းနှင့် သတိပေးချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရန် ပြည်ထောင်စုအစိုးရ၏ စား သုံးသူ အကာအကွယ်ပေးရေး ဗဟိုကော် မတီက အောက်တိုဘာလ ၂၆ ရက်တွင် အမိန့်ကြေညာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ အစား အသောက်၊ အိမ်သုံးပစ္စည်းများ၊ ကလေး အသုံးဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး သုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာ များ၊ ဓာတ်တုဗေဒပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ် ငန်းသုံးပစ္စည်းကိရိယာများတွင် အထက် ပါအညွှန်းနှင့် သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲ၍ဖြစ်စေ ဖော်ပြရမည် ဖြစ်သည်။
အမိန့်ထုတ်ပြန်ပြီး ၆ လပြည့်သည့် နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက စားသုံးသူ အကာ အကွယ် ပေးရေးဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ ကုန်စည်များတွင် အညွှန်းနှင့် သတိပေးချက်များ မပါရှိပါက လုပ်ငန်း ရှင်အား သတိပေးခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားကုန်စည်ကို ဈေးကွက်အတွင်း မှ သိမ်းဆည်းစေခြင်း၊ လုပ်ငန်းလိုင်စင် ယာယီပိတ်ခြင်း။ အမြဲပိတ်သိမ်းခြင်း အစရှိသည့် အရေးယူမှုများ လုပ်ဆောင် နိုင်သည်။
အမိန့်ကြေညာချက် အာဏာသက် ရောက်ပြီးသည့် ကာလတွင် အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီက သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ရှောင်တခင်စစ် ဆေးခြင်း၊ ပုံမှန်စစ်ဆေးခြင်းများ လုပ် ဆောင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး မှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးကျော်မင်းက ဆိုသည်။

အာဏာမတည်မီ အချိန်ကာလတွင် မူ အမိန့်ထုတ်ပြန်မှုနှင့် ပတ်သက်၍ တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ သိရှိစေရန် ခေါ်ယူရှင်းပြမှုများ လုပ် ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြော သည်။
“လုပ်ငန်းရှင်တွေကို ခေါ်ပြီးရှင်းပြ မယ်၊ သူတို့ကို မချပြဘဲနဲ့ အရေးယူလို့ မရပါဘူး”ဟု ဦးကျော်မင်းက ဆိုသည်။
အညွှန်းနှင့် သတိပေးချက်များ ဖော်ပြထားပါက စားသုံးသူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များကိုသိကာ ရွေး ချယ်သုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။
“စားသုံးတဲ့ပြည်သူတွေ နားလည် နိုင်ဖို့ မြန်မာဘာသာနဲ့ရေးထားတာ အကောင်းဆုံးပါ၊ အန္တရာယ်ကင်းပြီး ယုံ ကြည်မှုလည်း ပိုရှိတာပေါ့”ဟု ဦးကျော် ကျော်ဦးက ပြောသည်။

အညွှန်း၊ သတိပေးချက်များနှင့်ပတ် သက်၍ ဆောင်ရွက်ရာတွင် ထိထိရောက် ရောက်လုပ်ဆောင်ခြင်းမရှိပါက စားသုံး သူ ပြည်သူများအတွက် သက်ရောက်မှု မရှိနိုင်သည့်အတွက် အာဏာသက် ရောက်သည့်အချိန်တွင် စံပြအနေဖြင့် ထိရောက်စွာ အရေးယူသင့်ကြောင်း ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်နေ ဦးဇော် ဝင်းက ပြောသည်။
“ဒီလို အမိန့်ထုတ်လိုက်တာက ကျန်းမာရေးရှုထောင့်နဲ့ ကြည့်ရင်တော့ အကောင်းဆုံးပဲ၊ ထားဝယ်က ထုတ်တဲ့ ပစ္စည်းတွေမှာ ဒီသတိပေးချက်တွေမပါ ကြဘူး”ဟု ဦးဇော်ဝင်းက ဆိုသည်။

လက်ရှိဈေးကွက်တွင် ဒေသထုတ် ကုန်အများစုမှာ အညွှန်းနှင့် သတိပေး ချက်များ ဖော်ပြထားခြင်းမရှိပေ။
စားသောက်ကုန် လုပ်ငန်းရှင်အချို့ ကမူ အမိန့်ကြော်ငြာချက်ပါ အချက်များ အတိုင်း လုပ်ဆောင်မည်ဆိုပါက ငွေ ကြေး၊ နည်းပညာနှင့် အခြားအခက်အခဲ အချို့ ကြုံတွေ့ရနိုင်ကြောင်း ဖွင့်ဟကြ သည်။
မုန့်ထုပ်ပိုးသည့် နည်းပညာနှင့် ငွေကြေးအပိုင်းတွင် အခက်အခဲအချို့ရှိ နိုင်သည်ဟု ထားဝယ်မြို့မှ နာမည်ကြီး ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်းရှင်တစ်ဦး ဆိုသည်။
“ငွေကြေးတစ်ခုတည်းနဲ့ စီးပွားရှာ တာ မဟုတ်ဘဲ ငွေလည်းရ၊ စားသုံးသူ လည်း အန္တရာယ်ကင်းအောင် ထည့်ဖြစ် မှာပါ၊ အခက်အခဲတော့ ရှိတာပေါ့”ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

အညွှန်းနှင့် သတိပေးချက်များ ရိုက်နှိပ်ဖော်ပြရမည်ဆိုပါက လက်ရှိ ထုတ်ပိုးနေသည့်အိတ်များကို ပြောင်းလဲ ရမည်ဖြစ်သည့်အတွက် ထုတ်လုပ်မှု စရိတ်တက်သွားနိုင်ပြီး အခက်အခဲဖြစ် လာနိုင်ကြောင်း မြိတ်မြို့မှ ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“ဈေးကွက်မှာလည်း တနိုင်တပိုင် လုပ်တာတွေ များတယ်၊ သူတို့အတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်သွား လိမ့်မယ်”ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
တစ်ဖက်တွင်လည်း တိုင်းအတွင်းရှိ ဈေးကွက်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့မှ တရားမဝင် တင်သွင်းလာသည့် စားသောက်ကုန်နှင့် အခြားကုန်စည် အများစုက ဈေးကွက်ကို လွှမ်းမိုးထား သည်။

နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသော အဆိုပါ ကုန်ပစ္စည်းအများစုတွင် ထုတ်လုပ်သည့် နိုင်ငံ၏ ဘာသာစကားကိုသာ ရိုက်နှိပ် ဖော်ပြထားပြီး အဆိုပါကုန်စည်များ ဝင် မလာနိုင်စေရန် ကြပ်မတ်ရန်လိုအပ် ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိသည်။
ယင်းသို့ ပြည်ပမှ တရားမဝင်တင် သွင်းလာသည့် ကုန်စည်များကို မကြပ် မတ်နိုင်ဘဲ ဒေသတွင်းလုပ်ငန်းရှင်များကို သာ ကြပ်မတ်နေမည်ဆိုပါက ပိုမိုခက်ခဲ လာနိုင်ကြောင်း ဒေသခံလုပ်ငန်းရှင် အချို့က ဆိုသည်။

ကုန်စည်များတွင် အညွှန်းနှင့် သတိပေးချက်များဖော်ပြရန် အမိန့်ထုတ် ပြန်ထားမှုနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများအားလည်း အသိပညာပေးမှု များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ် ကွက်နေ ဦးဇော်ဝင်းက ဆိုသည်။
စားသုံးသူပြည်သူများ သိရှိနိုင်ရန် ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း ကာ အသိပညာပေးမှုများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး စားသုံးသူရေး ရာ ဦးစီးဌာနရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးကျော်မင်းက ပြောသည်။
ကုန်ပစ္စည်းများတွင် အညွှန်းနှင့် သတိပေးချက်များ ရေးသားဖော်ပြပြီးပါ ကလည်း ဖော်ပြချက်များ မှန်ကန်မှုရှိ/မရှိ ကို စစ်ဆေးသင့်ကြောင်း ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်နေ အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“စားသောက်ကုန်တစ်ချို့မှာ ဒိတ် ပါတာတောင် ဒိတ်လွန်တွေရောင်းနေတာ ကြုံဖူးပါတယ် ၊ ထိထိရောက်ရောက်ဖြစ် အောင်ဆိုရင် စားသောက်ကုန် ထုတ်တဲ့ နေရာတွေကို စစ်ဆေးသင့်တယ်၊ စား သောက်ကုန်ထုတ်တဲ့ လူတွေကလည်း လိုက်နာသင့်တယ်” ဟု ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၅နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ထုတ်ပြန်လိုက်သည့် စား သောက်ကုန်များစာရင်းတွင် အချိုရည် များ၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ရည် ထုပ်များ၊ သောက်ရေသန့်များ၊ ကွမ်းစား ဆေးများနှင့် အခြားပြုပြင်ထုပ်ပိုး၊ ထုတ် လုပ်ထားသည့် စားသောက်ကုန်များ အစရှိသည့် အစားအသောက်များပါဝင် သည်။
အခြားပြုပြင်ထုပ်ပိုးထုတ်လုပ်ထား သည့် စားသောက်ကုန်များစာရင်း တွင် ဒေသတွင်း ထုတ်လုပ်ရောင်းချနေသည့် ရေခဲချောင်း၊ ပီလောပီနံဥကြော် အစရှိ သည့် တန်ဖိုးနည်း စားသောက်ကုန်များ အထိ အကျုံးဝင်ကြောင်း တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ စားသုံး သူရေးရာဌာနခွဲ တာဝန်ခံ ဦးကျော်မင်းက ဆိုသည်။

အဆိုပါတန်ဖိုးနည်း အစားအသောက် ထုတ်လုပ်ရောင်းချနေသူ အများစုတွင် လုပ်ငန်းလိုင်စင် မရှိကြပေ။
ယင်းလုပ်ငန်းများက ထုတ်လုပ် သည့် ကုန်စည်များတွင် သတ်မှတ်ထား သည့်အညွှန်းနှင့် သတိပေးချက် မပါဝင် ပါက ပိတ်သိမ်းရန်လုပ်ငန်းလိုင်စင် မရှိ သည့်အတွက် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူမည်ဖြစ်ကြောင်း ဦးကျော်မင်း က ပြောသည်။
အမိန့်ထုတ်ပြန်ခြင်းက စားသုံးသူ များအတွက် ကောင်းမွန်မည်ဖြစ်သော် လည်း မြို့ပြနှင့် အလှမ်းဝေးသည့် နေရာ များအားစစ်ဆေးအရေးယူရန် လက်လှမ်း မမီနိုင်သည့်အတွက် ထိရောက်မှုအား နည်းနိုင်ကြောင်း ပြောဆိုမှုများလည်းရှိ သည်။
“မြို့ပေါ်တော့ ထိန်းချုပ်နိုင်ပြီး နယ်တွေမှာ မထိန်းချုပ်နိုင်ရင်တော့ ဒီအမိန့်က အလကားပဲ ထိရောက်မှုရှိမှာ မဟုတ်ဘူး”ဟု ထားဝယ်မြို့တွင် နေထိုင် သည့် ဦးထွန်းလှက ပြောသည်။