အများပိုင် ကုမ္ပဏီနှစ်ခုကို တိုင်းအစိုးရ စွဲထားသည့်အမှု တရားလို စစစ်

0
458

ခွင့်ပြုချက်မရှိဘဲ သဲစုပ်သည်ဟုဆိုကာ တနင်္သာရီ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (TDDPC)နှင့် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ(DDPC) တာဝန်ရှိသူတို့အား တိုင်းအစိုးရက စွဲဆိုထားသည့်အမှုအတွက် စက်တင်ဘာလ ၁၅ ရက်က လောင်းလုံးမြို့နယ် တရားရုံးတွင် တရားလိုအား စတင်စစ်ဆေးခဲ့သည်။


TDDPC က ကျောက်ဆင်ချောင်းနှင့် DDPC က မောင်းမကန်ချောင်းတို့တွင် ခွင့်ပြုချက်မရှိဘဲ သဲစုပ်သည်ဟုဆိုကာ အဆိုပါ ကုမ္ပဏီတာဝန်ရှိသူနှစ်ဦးကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၂ ရက်က လောင်းလုံးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၆ ဖြင့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သီးခြားစီ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် တရားရုံး တရားသူကြီးထံမှ သိရသည်။
” ကြားထဲမှာ ရုံးလုပ်ငန်းတွေ ဆက်စစ်နေပြီး တရားလိုကို ဒီနေ့စစစ်တာ”  ဟု မြို့နယ်တရားသူကြီး ဒေါ်လဲ့လဲ့ဝါက ပြောသည်။
တရားလိုပြ သက်သေများကို စစ်ဆေးရန် စက်တင်ဘာလ ၂၂ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း လောင်းလုံးမြို့နယ် တရားရုံးမှ သိရသည်။

 
၂၀၀၆ ခုနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆ အား ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၃သောင်း ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ယင်းဥပဒေတွင် ဖော်ပြသည်။