မြိတ်လေယာဉ် ပြန်ပေးဆွဲမှုကြီး

0
785

ပြီးခဲ့သော ရက်ပိုင်းအတွင်းက Grand Jade ဟိုတယ်ရှေ့မှ ဖြတ်သွားရင်း ၄ လွှာရှိ ဂုဏ် 3D  အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသနေသော မြန်မာရုပ်ရှင် ဇာတ်ကား ကြော်ငြာကို သတိပြုမိပါသည်။ ၎င်း ရုပ်ရှင် ဇာတ်ကားအမည်မှာ BURMA’S HIJACK  (ရောင်နီဦး၏ အလင်းရောင် နှင့် အတူ) ဖြစ်ပါသည်။


ရုပ်ရှင်ဇာတ်ကားအမည်ကို စိတ်ဝင် စားမိသောကြောင့် အပြန်မှာ ဟိုတယ်ရှေ့ ဆိုင်ကယ်ရပ်ပြီး ကြော်ငြာဗီနိုင်းကို ဝင် ဖတ် ကြည့်ရာ ကျွန်တော်ထင်ထားသလိုပင် ၁၉၅၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် ရန်ကုန်မှ စစ်တွေသို့သွားသော လူ ၁၆ ယောက်စီး ဒါကိုတာလေယာဉ်အား KNDO လက်နက်ကိုင် တပ်သားများ ပြန်ပေးဆွဲခဲ့ပုံကို ပြန်လည် ရိုက်ကူးထား သော ဇာတ်ကားဖြစ်နေပါသည်။ အဆိုပါ လေယာဉ် ပြန်ပေးဆွဲမှုမှာ မြန်မာနိုင်ငံ၏ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်သည်။ ထိုနေ့က အဆိုပါ ရုပ်ရှင်ဇာတ်ကား ကို ဝင်ကြည့်လိုက်ရမလားဟု ဟိုတယ် ရှေ့ရပ်ပြီး စဉ်းစားမိပေမယ့် ထိုလေယာဉ် ပြန်ပေးဆွဲမှုအကြောင်း ရေးထားသော စာအုပ်ကို ဖတ်ဖူးတာက တစ်ကြောင်း၊PASSENGER57/ AIRFORCE ONE …..အစရှိသည့် လေယာဉ်ပြန် ပေးဆွဲမှုအကြောင်း ရိုက်ကူးထားသော နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများကို ကြည့် ဖူးသူ တစ်ယောက်အတွက် မြန်မာ့လေ ယာဉ်ပြန်ပေး ရုပ်ရှင်ဇာတ်ကားမှာ မတိုး တော့တာက တစ်ကြောင်းကြောင့် စိတ် လျှော့ပြီး ဟိုတယ်ရှေ့မှ လှည့်ပြန်ခဲ့ပါ သည်။ သို့သော် ထိုနေ့က အိမ်ပြန်ရောက် သောအခါ အဆိုပါ BURMA’S HIJACK  ရုပ်ရှင်ဇာတ်ကားကို အကြောင်း ပြုပြီး ကျွန်တော်သည် လွန်ခဲ့သော ၂၇ နှစ်ခန့်က မြိတ်တစ်မြို့လုံး တုန်လှုပ် ချောက်ချားခဲ့ရသော နေ့လေး တစ်နေ့ကို ပြန်လည် သတိရမိပါသည်။
ထိုနေ့ကား……………….
၁၉၈၉ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ သောကြာနေ့။
ထိုနေ့ ညနေလေးနာရီခွဲခန့်တွင် မြိတ်တစ်မြို့လုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သော သတင်းတစ်ပုဒ်က တောမီး ပမာ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပါသည်။ ထို သတင်းမှာ ” မြိတ်မှ ရန်ကုန်သို့ သွားသော လေယာဉ် ပြန်ပေးအဆွဲခံ လိုက်ရတယ်”  ဟူလို။ ထိုသတင်းကြောင့် မြိတ်တစ်မြို့လုံး ပဒူအုံကို တုတ်နဲ့ ထိုးလိုက်သလို လှုပ်လှုပ်ရွရွ ဖြစ်ကာ တချို့က ထိုသတင်း တကယ်မှန်မမှန် လေယာဉ်ရုံးမှာ သွားရောက် စုံစမ်း ကြသလို တချို့ကလည်း လေယာဉ် ကွင်းမှာ သွားရောက် စုံစမ်းမေးမြန်းကြ လေသည်။ ထိုအပြင် ဖုန်းရှိသော အိမ်တွေကလည်း ထိုသတင်း မှန် မမှန် ရန်ကုန်ရှိ ဆွေမျိုးသားချင်းများထံ ဆက်သွယ်မေးမြန်းကြသလို တချို့ ကလည်း အဆိုပါ လေယာဉ်ကြီး မြိတ် လေယာဉ်ကွင်းသို့ ပြန်လည် ဆင်းသက် လာမလား ဟူသော မျှော်လင့်ချက်ဖြင့် လေယာဉ်ကွင်း အနီးသို့သွားပြီး မယောင် မလည် အကဲခတ်လျက် ရှိပါသည်။ ထို နေ့က မြိတ်သူမြိတ်သားများမှာ အဆိုပါ သတင်းထူးကြောင့် မိမိတို့ လုပ်လက်စ အလုပ်များကို ခေတ္တရပ်နားထားကာ အိမ်အပြင်ဘက် ထွက်လာကြပြီး သူတို့ ကြားသိရသမျှ သတင်းများကို အပြန် အလှန် ဖလှယ်ကြ၊ ထင်မြင်ချက်တွေ ပေးကြ၊ ဝေဖန်ကြနှင့် မြို့ကလေးမှာ ထူး ထူးခြားခြား သက်ဝင်လှုပ်ရှား လာပါ သည်။
အထူးသဖြင့် ထိုလေယာဉ်၌ ခရီး သည်အဖြစ် လိုက်ပါခဲ့ကြသူတွေ၏ မိသားစုဝင်များမှာ ကောလာဟလ သတင်းသာ ဖြစ်ပါစေတော့ဟု ကျိတ်ပြီး ဆုတောင်းနေရင်းနှင့်ပင် ထိုသတင်း မှန်မမှန် လေယာဉ်ရုံးမှာပဲ ပြေးစုံစမ်းရ မလိုလို၊ လေယာဉ် ကွင်းမှာပဲ သွားရောက် စုံစမ်းရမလိုလို၊ ဒါမှမဟုတ် ဘ၀တူ လေ ယာဉ်စီး ခရီးသည်များ၏ မိသားစုဝင်များ ထံ သွားရောက် မေးမြန်းရမလိုလိုနှင့်    ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါသည်။ ထိုခေတ်က ကျွန်တော်တို့မှာ ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်ဖို့ ဟန်းဖုန်းမရှိ၊ ဂြိုဟ်တု စလောင်း မရှိ သလို အင်တာ နက်လည်း မရှိပါ။ သတင်းအမှောင် ချထားသော န၀တ စစ်အစိုးရခေတ်မို့ ပြည်တွင်း သတင်းအမှန်များကို သိချင် ပါက ပြည်ပ အသံလွှင့်ဌာနများကိုသာ အဓိက အားကိုးနေရပါသည်။ အထူး သဖြင့်  BBC နှင့် VOA သတင်းဌာနတို့ ဖြစ်ပါသည်။ BBC သတင်းဌာနမှာ ၈၈ အရေးအခင်း ကာလတစ်လျှောက် ရန် ကုန်မြို့မှ ရှေ့နေဦးနေမင်းနှင့် ချိတ် ဆက်ပြီး သတင်းမှန်များကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဒက္ကားမြို့မှ စဉ်ဆက်မပြတ် ပေးပို့ခဲ့သော သတင်းထောက် ” ခရစ္စတို ဖာဂန်းနက် ” ကြောင့် မြန်မာလူထုကြား အထူးရေပန်း စားခဲ့ပါသည်။
သို့ဖြင့် တဖြည်းဖြည်း အချိန် ကြာမြင့်လာတာနှင့် အမျှ သက်ဆိုင်ရာက တရားဝင် သတင်း မထုတ်ပြန်သေးပေမယ့် လေယာဉ်ပြန်ပေး အဆွဲခံရသော သတင်း မှာ ပို၍ အခြေအမြစ် ရှိလာပါတော့သည်။ အကြောင်းမှာ မြိတ်မှရန်ကုန်သို့ ဂျက် လေယာဉ်တစ်စီး ပျံသန်းချိန်မှာ ၅၅မိနစ် ခန့်သာကြာမြင့်ပြီး ထိုလေယာဉ်မှာ မြိတ် လေယာဉ်ကွင်းမှ ပျံတက်ပြီး မင်္ဂလာဒုံ လေဆိပ်သို့ တစ်နာရီ ခွဲကြာလည်း ရောက်မလာ၊ နှစ်နာရီကြာလည်း ရောက် မလာပါက ပြန်ပေး အဆွဲခံရခြင်းနှင့် လမ်းခုလတ်မှာ ပျက်ကျခြင်းဟူသော ခေါင်းစဉ်နှစ်ခုအနက် တစ်ခုခုဖြစ်ဖို့ သေချာနေပြီ မဟုတ်ပါလား။
ဆက်လက်ပြီး ညဦးပိုင်းတွင် ထုတ် လွှင့်သော ဠဥဗ သတင်းတွင် ရဲရင့်နှင့် ရဲသီဟ ဟူသော တက္ကသိုလ် ကျောင်းသား နှစ်ဦးက လေယာဉ်ကို ဘန်ကောက်မြို့ အရှေ့တောင်ဘက် မိုင်၈၀ခန့် အကွာရှိ ထိုင်းဘုရင့်တပ်မတော် လေဆိပ်  ယူတာ ပေါင် (UTAPHAO )သို့ ပြန်ပေးဆွဲသွား ပြီး ညနေ ၅ နာရီ ၄၀မိနစ်မှာ ဆင်းသက် ခဲ့ကြောင်း ကြေညာလိုက်သောအခါ ထင် ကြေး ကိုယ်စီနှင့် ခန့်မှန်ပြောဆိုနေမှုများ မှာ အဆုံးသတ် ခဲ့ရပါသည်။ ထိုသတင်း ကြောင့် ပြန်ပေးအဆွဲခံရသော လေယာဉ် ပေါ်၌ ဓားစာခံအဖြစ် လိုက်ပါသွားခဲ့ရ သော ခရီးသည်များ၏ မိသားစုဝင်များမှာ နောက်ဆက်တွဲသတင်းကို စိတ်တပူပူနှင့် နားစွင့် နေကြသလို မြို့သူမြို့သားများမှာ ရှေ့ဘာတွေ ဆက်ဖြစ်လာဦးမလဲ ဟူ သော သိချင်စိတ်ကြောင့် ရင်တဖိုဖိုနှင့် သတင်းစောင့်မျှော် နားထောင်နေကြပါ သည်။

 

၎င်းလေယာဉ်ကို ပြန်ပေးဆွဲသွား သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို ဓား စာခံ မိသားစုဝင်များနှင့် န၀တအာဏာ ပိုင်များမှအပ မြို့သူမြို့သား အားလုံးလို လိုက သူရဲကောင်းများဟု မသတ်မှတ် တာတောင် အကြမ်းဖက် သမားများဟု မယူဆကြပေ။ ထိုလုပ်ရပ်မှာ ကိုယ့်နည်း ကိုယ့်ဟန်နှင့် န၀တစစ်အစိုးရ ကို ဆန့် ကျင်ခြင်းဟုသာ သဘောထား ခဲ့ကြလေ သည်။ ထိုကြောင့် မြို့သူမြို့သားများက သားရွှေအိုးထမ်း ဆိုသလို ဓားစာခံများ လည်း ဘေးမသီရန်မခ ပြန်လည် လွတ် မြောက်လာပြီး ကျောင်းသားနှစ်ဦး၏ ဆန္ဒလည်း ပြည့်ဝပါစေဟု ဝိုင်းဝန်း ဆု တောင်းပေးလျက် ရှိကြပါသည်။
ထိုနောက် ထပ်မံ ကြားသိရသော သတင်းများအရ ရဲရင့်နှင့် ရဲသီဟတို့သည် ယူတာပေါင် လေဆိပ်၌ လေယာဉ်ဆင်း သက် ပြီးနောက်  မြန်မာစစ်အစိုးရအား အချက် (၇) ချက် တောင်းဆိုခဲ့ပါသည်။ ထိုအချက်(၇)ချက်အနက် န၀တစစ် အစိုး ရက မတရား ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံရေး အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရေး၊စစ်အုပ်ချုပ်ရေး ရုတ်သိမ်း ပေးရေး၊ အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အား နေအိမ်အကျယ် ချုပ်မှ ပြန်လည် လွှတ်ပေးရေး..စသည် ဖြင့် ပါဝင်ပါသည်။ အကယ်၍ န၀တ စစ်အစိုးရက ဤတောင်းဆိုချက် များအား မလိုက်လျောပါက မိမိတို့နှစ်ဦး အသေ ခံပြီး လေယာဉ်ကို ဖောက်ခွဲ ပစ်မည်ဟု ရာဇသံပေးခဲ့လေသည်။ သို့သော် ဤ တောင်းဆိုချက် အားလုံးကို န၀တ စစ် အစိုးရက ငြင်းပယ်ခဲ့ပေမယ့် ထိုည (သောကြာနေ့ည) ၇နာရီခန့်တွင် ဓားစာ ခံထဲမှ ကလေးနှင့် သက်ကြီးရွယ်အို ၃၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါသည်။ ထိုသို့ မလွှတ်ပေး၍လည်း မရတော့။ အကြောင်း မှာ လေယာဉ် စက်ရပ်ထားရ သောကြောင့် အတွင်း၌မခံမရပ် နိုင်လောက်အောင် ပူပြင်းလာသလို အောက်ဆီဂျင်ကလည်း တဖြည်းဖြည်း နည်းလာသောကြောင့် ဖြစ်ပါသည်။

 

ကျန် ဓားစာခံများမှာ လေ ယာဉ်ပေါ်၌ တစ်ညတာ ကုန်ဆုံးခဲ့ရပြီး ထိုညတွင် ထိုင်းအာဏာပိုင်များက ထမင်း နှင့် အချိုရည်ဘူးများကို လေယာဉ်ပေါ် ပို့ပေးခဲ့ပါသည်။ဆက်လက်ပြီး ထိုင်းဒုဝန်ကြီးချုပ် တီရန်ချိုင်း ဦးဆောင်သော အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုအပြီး နောက်နေ့ မနက် (စနေနေ့မနက်) ၂ နာရီခန့်တွင် ကျန် ဓားစာခံ ၄၈ ဦးကို ၅ မိနစ် တစ်ယောက် နှုန်း(နောက်ပိုင်းတွင် ၂မိနစ်တစ်ယောက် နှုန်း)ဖြင့် ပြန်လွတ် ပေးခဲ့ပါသည်။ ထိုသို့ ပြန်လွှတ်ပေးသောအခါ ရဲသီဟက လေ ယာဉ် အပေါက်ဝမှာ ထိုင်ပြီး မိမိတို့ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပါက တောင်းပန်ကြောင်း၊ ထို့အပြင် မိမိတို့ နှစ်ဦးအား ပြန်လည် မခုခံ မတိုက်ခိုက် သောကြောင့် ကျေးဇူးတင်ကြောင်း တစ် ဦးချင်းစီအား ပြောကြားပြီး ထိုင်းအာဏာ ပိုင်များထံ အသာတကြည် လက်နက်ချ ကာ ထိုင်းတွင်နိုင်ငံရေး ခိုလှုံခွင့် တောင်း ခံခဲ့ လေသည်။ ထိုသို့ လက်နက်ချခဲ့သော ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို စနေနေ့ မနက် ၄ နာရီ ၂၅ မိနစ်တွင် ထိုင်းဒုဝန် ကြီးချုပ် တီရန်ချိုင်း ကိုယ်တိုင် ကား တစ်စီးဖြင့် လေဆိပ်မှ ခေါ်ဆောင်သွား ခဲ့ပါသည်။

 

ရဲရင့်နှင့် ရဲသီဟတို့ လက်နက် ချခဲ့ပြီးနောက် ထိုင်းရေတပ် ကွန်မန်ဒို ၉ ဦးက လေယာဉ်အတွင်း ဝင်ရောက်ရှာ ဖွေရာ ဖောက်ခွဲရေး ပစ္စည်းဟု ယူဆရ သော သေတ္တာတစ်လုံး (တကယ်တော့ ထိုသေတ္တာမှာ ဖောက်ခွဲရေးပစ္စည်း မဟုတ်ပဲ ဆပ်ပြာမှုန့်ဘူး ဖြစ်နေပါသည်) နှင့်ငါတို့၏ ဦးခေါင်း၌ သွေးတို့ဖြင့် ရဲရဲ နီနေပေမယ့် ဦးမညွတ်}}ဟု လက်ရေးဖြင့် အသော့ရေးထားသော စာရွက်တစ်ရွက် ရှာဖွေ တွေ့ရှိ ခဲ့ပါသည်။ထိုနောက် ပြန်ပေးအဆွဲခံရသော လေယာဉ်မှာ ဓားစာခံများနှင့်အတူ ယူ တာပေါင် လေဆိပ်မှ နံနက် ၆ နာရီခန့်တွင် ပြန်လည်ထွက်ခွာလာရာ ၇ နာရီခန့်တွင် မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိ လာပြီး လေဆိပ်တွင် ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လာရောက်ကြိုဆို အားပေးခဲ့ပါ သည်။
စုစုပေါင်း ၁၂နာရီခန့် ကြာမြင့်ခဲ့ သော အဆိုပါ လေယာဉ်ပြန်ပေးမှုကြီး၌ လေယာဉ်မှူး၊ လေယာဉ်အမှုထမ်းများ အပါအဝင် ခရီးသည်တစ်ဦးတစ်ယောက် မျှ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရခဲ့ ခြင်းမရှိပေ။ နောက်ပိုင်းတွင် ရဲရင့်နှင့် ရဲသီဟတို့က မိမိ တို့ မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို ကမ္ဘာက အာရုံ စိုက်မိစေရန် ယခုလို လေယာဉ် ပြန်ပေး ဆွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။
ထိုသို့ အန္တရာယ်များလှသော လေ ယာဉ်ပြန်ပေး ဆွဲမှုကြီးကို သွေးအေး အေးနှင့် ကျူးလွန်ခဲ့ကြသော ရဲရင့်နှင့် ရဲသီဟတို့မှာ အသက်နှစ်ဆယ်ဝန်းကျင် တက္ကသိုလ်ကျောင်းသားလေးများ ဖြစ်ပြီး ဆပ်ပြာမှုန့်ဘူးကို ဗုံးပုံသဏ္ဌာန် ပြုလုပ် ပြီး ဟိတ်ဟန် မှင်မောင်းကောင်းကောင်း ဖြင့် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ထို ကြောင့် အဆိုပါ လေယာဉ်ပြန်ပေးဆွဲမှု အပြီး မြိတ်-ရန်ကုန်ခရီးစဉ်တွင် မည် သည့် ခရီးသည်ကိုမှ ဆပ်ပြာခွက်၊ဆပ် ပြာတောင့်၊ ဆပ်ပြာမှုန့်ဘူးများ ယူဆောင် ခွင့် မပြုတော့ပေ။
လေယာဉ် ပြန်ပေးဆွဲခဲ့သော ရဲရင့် နှင့် ရဲသီဟတို့ နှစ်ဦးသည် စက်တင်ဘာ လ ဒုတိယအပတ်တွင် တက္ကသိုလ် ကျောင်းသား အရွယ် လူငယ်၁၀ဦးခန့်နှင့် အတူ ရနောင်းမြို့၊ ဖန်ဖလားဆိပ်ကမ်းရှိ ” မာလီဂိုဒေါင်” သို့ ကားတစ်စီးဖြင့် ရောက်ရှိလာပါသည်။ ဂိုဒေါင်သို့ ရောက် သောအခါ ရဲရင့်နှင့် ရဲသီဟတို့ ကျန်ရစ် ခဲ့ပြီး ၎င်းတို့ကို လိုက်ပါပို့ဆောင် ပေးသူ များမှာ ထိုကားဖြင့် ပြန်လည် ထွက်ခွာ သွားခဲ့ကြလေသည်။ ထိုနောက် ၎င်းတို့ နှစ်ဦးမှာ မာလီဂိုဒေါင်တွင် တခြား မြန် မာရွေ့ပြောင်းလုပ်သားများ နည်းတူ ကြုံရာအလုပ် ဝင်ရောက်လုပ်ကိုင် ကြ လေသည်။ ထိုအချိန်က မာလီဂိုဒေါင်တွင် ကိုတင်ဦးဆိုသော မြိတ်သားတစ်ဦး ဝင် ရောက် အလုပ်လုပ်ကိုင်လျက်ရှိရာ များ မကြာမီ ကိုတင်ဦးနှင့် ၎င်းတို့နှစ်ဦး ခင် မင်ရင်းနှီး ခဲ့ကြလေသည်။

 

ကိုတင်ဦး၏ အဆိုအရ ရဲရင့်မှာ ပိန်ပိန်သွယ်သွယ် ဖြစ်ပြီး ရဲသီဟမှာ ကိုယ်လုံးကိုယ်ထည် အနည်းငယ် ပြည့်ဖြိုးတောင့်တင်း ပါ သည်။ ၎င်းတို့ နှစ်ဦးစလုံး အလွန်စကား နည်းပြီး အလုပ်အားချိန်များတွင် တစ်ခုခု ကို စူးစိုက်တွေးတော နေလေ့ရှိပါသည်။ထိုအပြင် ၎င်းတို့ နှစ်ဦးစလုံးသည် မနက် အရုဏ်တက်ချိန်တိုင်း စိတ်တည်ငြိမ်မှု ရရှိအောင် သမထ ထိုင်လေ့ရှိကြောင်း သိရပါသည်။ ထိုနောက် ရဲရင့်နှင့် ရဲသီဟ တို့နှစ်ဦးသည် မာလီဂိုဒေါင်တွင် သုံး ပတ်ခန့် အလုပ်လုပ် ခဲ့ကြပြီး အောက်တို ဘာလဆန်းတွင် စက်လှေဖြင့် မြိတ်မြို့သို့ လိုက်ပါလာခဲ့ ကြလေသည်။ ၎င်းတို့ နှစ်ဦးမြိတ်မြို့သို့ မသွားမီ ရနောင်း ကုန်တိုက်တစ်ခုမှ တကယ့်သေနတ် အစစ်နှင့် ခွဲမရအောင် တူသော ကလေး ကစားစရာ ပစ္စတိုတစ်လက် သွားရောက် ဝယ်ယူခဲ့လေသည်။
မြိတ်မြို့သို့ ရောက်ရှိလာသောအခါ ၎င်းတို့ နှစ်ဦးသည် ကံခေါင်းရပ်ကွက်ရှိ စံကားဝါ တည်းခိုခန်းတွင် တည်းခိုခဲ့ပြီး လေယာဉ် လက်မှတ် ပွဲစားတစ်ဦးနှင့် ဆက်သွယ်ကာ လေယာဉ်လက်မှတ် နှစ် စောင် ရရှိအောင် ကြံဖန်ခဲ့လေသည်။ လေယာဉ်လက်မှတ် ပွဲစား၏ အစွမ်း ကြောင့် ၎င်းတို့နှစ်ဦး မြိတ်မြို့သို့ ရောက် ရှိပြီး ၂ ရက် အကြာမှာ လေယာဉ်လက်မှတ် ရရှိခဲ့ပါသည်။ ထိုနောက် ၅-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးသည် အပြီး သတ်တိုက်ပွဲ ဆင်နွှဲဖို့ အရာရာ အသင့် ပြင်ဆင်ပြီး လေဆိပ်သို့ ထွက်ခဲ့လေ သည်။ သို့သော် ထိုနေ့က မြိတ်-ရန်ကုန် ခရီးစဉ်မှာ Flight Cancel   ဖြစ်ခဲ့လေ သည်။ ထိုအခါ လေဆိပ်၌ ခင်မင်ခဲ့သော စည်ပင်ဝန်ထမ်း ဇနီးမောင်နှံက ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးကို ကန်ဖျားရပ်ကွက်၊ မြေနီလမ်းရှိ ၎င်းတို့ နေအိမ်တွင် တစ်ည တာ တည်းခိုခွင့် ပြုခဲ့လေသည်။ ထို နောက် ၆-၁၀-၈၉တွင် ရဲရင့်နှင့် ရဲသီဟ တို့ ရည်မှန်းချက်ဖြစ်သော လေယာဉ် ပြန်ပေးဆွဲမှုကြီး အထမြောက်ခဲ့ လေ သည်။

 

ရဲရင့်နှင့် ရဲသီဟတို့သည် မြိတ်မှ လေယာဉ်တက်လာပြီး ၁၀မိနစ်ခန့် အကြာတွင် ရုတ်တရက် မတ်တပ်ရပ်လိုက် ကြလေသည်။ ထိုနောက် ရဲရင့်က လက် ထဲမှာ ဓားတစ်လက် ကိုင်ဆောင်ထားကာ ရဲသီဟက လက်တစ်ဖက်တွင် ဝါယာကြိုး တွေ သွယ်တန်းထားသော စက္ကူဘူးနှင့် ကျန်လက်တစ်ဖက်တွင် မောင်းခလုတ် တစ်ခု ဆုပ်ကိုင်ထားပြီး လေယာဉ်မှူး အခန်းရှိရာသို့သွားရင်းအဆိုပါ လေယာဉ် အား မိမိတို့ ပြန်ပေးဆွဲလိုက်ပြီဖြစ် ကြောင်း၊ အကယ်၍ ခရီးသည်များမှ ပြန်လည်ခုခံပါက လေယာဉ်ကို မိမိ လက်ထဲမှ ဗုံးဖြင့် ဖောက်ခွဲပစ်မည် ဖြစ် ကြောင်း ရဲသီဟက ကြေညာလိုက်ပါ သည်။

 

ထိုနောက် ရဲရင့်က လေယာဉ်မှူး အခန်းတံခါးကို ထုနှက်ပြီး တံခါး ဖွင့် ခိုင်းပါသည်။ လေယာဉ်မှူးက တံခါးဖွင့် ပေး လိုက်သောအခါ ရဲသီဟက အခန်းထဲ ဝင်သွားကာ ညွှန်ကြားချက်ပေးပြီး ရဲရင့် က ဓားစာခံများကို စောင့်ကြည့်နေပါ သည်။ ထိုသို့ စောင့်ကြည့်နေသည့် ကြား ကပင် အဘွားအိုတစ်ဦး ထိုင်ရာမှ ထလာ ပြီး ရဲရင့်အား လေယာဉ် ပြန်ပေးဆွဲပါက မိမိတို့ အိမ်အရောက် နောက်ကျမှာမို့ ပြန်ပေးမဆွဲရန် ပြောကြားသလို လူလတ် ပိုင်း ခရီးသည် တစ်ဦးကလည်း အော်ဟစ် ရန်တွေ့ရာ လေယာဉ်မောင်က ခရီးသည် များ မိမိတို့နေရာမှာပင် ငြိမ်သက်စွာ ထိုင်နေဖို့ဝင်ရောက်သတိပေး ပြောဆိုရပါ သည်။ ယခုလို လေယာဉ်မောင် ကြားဝင် သတိပေး ပြောဆိုပြီးသည့်နောက် လေ ယာဉ်တွင်း အခြေအနေမှာ ပြန်လည် ငြိမ်သက်သွားခဲ့ပါသည်။
ထိုနောက် လေယာဉ်မှူးနှင့် ထိုင်း အာဏာပိုင်များ ညှိနှိုင်းရာတွင် အဆင် မပြေသောကြောင့် ထိုင်းလေပိုင်နက်ထဲမှာ တစ်နာရီခန့် ပျံသန်းခဲ့ရပြီးမှ ယူတာပေါင် လေဆိပ်၌ ဆင်းသက်ခွင့် ရခဲ့ပါသည်။အဆိုပါ လေယာဉ်ပြန်ပေးဆွဲမှု ကြောင့် ရဲရင့်နှင့် ရဲသီဟတို့ကို တစ်ည တာအိပ်စက်ခွင့် ပေးခဲ့မိသော စည်ပင် ဝန်ထမ်း ဇနီးမောင်နှံ နှစ်ဦးနှင့် လေယာဉ် လက်မှတ် ပွဲစားတို့ အဖမ်းခံခဲ့ ရလေ သည်။ ထိုအပြင် ရဲရင့်နှင့် ရဲသီဟတို့ တည်းခိုခဲ့ကြသော စံကားဝါ တည်းခို ခန်းမှ ဝန်ထမ်းများနှင့် ပြန်ပေး အဆွဲခံရသည့်နေ့က လေယာဉ်ကွင်းမှာ တာဝန်ကျသော ဝန်ထမ်းအားလုံး ခေါ်ယူ အစစ်ဆေး ခံခဲ့ရပါသည်။ စစ်ဆေး မေးမြန်းမှုများ အပြီးမှာ ထိုနေ့က လေယာဉ်ကွင်း၌ တာဝန်ကျသော ဝန်ထမ်းတချို့ အလုပ်ထုတ်ခံရလေ သည်။

 
နောက်ထပ်ထို လေယာဉ်ပြန်ပေးမှု တွင် မဆီမဆိုင် ခေါ်ယူ စစ်ဆေးခံရသူ တစ်ဦးမှာ ထိုခရီးစဉ်၌ ခရီးသည်အဖြစ် လိုက်ပါခဲ့သော ကိုဌေးလှိုင်ဦး ဖြစ်ပါ သည်။ ကိုဌေးလှိုင်ဦးမှာ ရဲရင့်၊ ရဲသီဟ တို့နှင့် အသက်အရွယ် မတိမ်းမယိမ်း ဖြစ်ပြီး လူငယ်ချင်းမို့ မြိတ်လေဆိပ်မှာ အဖွဲ့ကျ သွားပါသည်။ ၅-၁၀-၈၉တွင် လေယာဉ်  Flight Cancel  ဖြစ်သောအခါ သူတို့သုံးဦး လေယာဉ်ကွင်းမှ ကား တစ်စီးတည်း အတူ ငှားစီးပြီး အိမ်ပြန် ခဲ့ပါသည်။ နောက်တစ်နေ့ ၆-၁၀-၈၉ မှာလည်း လေယာဉ်ကွင်းမှာ ၎င်းတို့သုံးဦး တပူးတွဲတွဲမို့ ပြန်လည်လွတ်မြောက် လာသော ဓားစာခံများက ယူတာပေါင် လေဆိပ်တွင် လာရောက်ကြီးကြပ်နေသော မြန်မာစစ်သံမှူးအား ကိုဌေးလှိုင်ဦးသည် ရဲရင့် ရဲသီဟတို့ နှစ်ဦးနှင့် အလွမ်းသင့် ကြောင်း ဝိုင်းဝန်း ပြောပြကြရာ စစ်သံ မှူးက ကိုဌေးလှိုင်ဦးအား ယူတာပေါင် လေဆိပ်၌ ၁၅မိနစ်ခန့် စစ်ဆေးခဲ့ပါ သည်။ ထိုအပြင် စစ်သံမှူး၏ သတင်းပို့မှု ကြောင့် မင်္ဂလာဒုံလေဆိပ်သို့ ပြန်ရောက် သောအခါ ကိုဌေးလှိုင်ဦးအား ထောက် လှမ်းရေးက ၅ မိနစ်ခန့် စစ်ဆေး ခဲ့ပါ သည်။ သို့သော် ကိုဌေးလှိုင်ဦးသည် ရဲရင့် ရဲသီဟတို့နှင့် ပတ်သက်မှု မရှိ ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန် လည် လွှတ်ပေးခဲ့ပါသည်။
အလားတူပင် ၁၀-၁၁-၉၀တွင် မြန်မာကျောင်းသား နှစ်ဦးက ဘန် ကောက်မှ ရန်ကုန်သို့ ထွက်ခွာလာသော ထိုင်းလေကြောင်းပိုင် TG၃၀၅ လေယာဉ် ကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့ ပြန်ပေးဆွဲသွားပြီး အိန္ဒိယ အစိုးရထံ လက်နက်ချခဲ့ပါသည်။ ဤလေယာဉ် ပြန်ပေးဆွဲမှုသည် မြန်မာနိုင်ငံ၏ ပြင်ပ၌ ဖြစ်ပွားခဲ့သောကြောင့် မြိတ်လေယာဉ် ပြန်ပေးဆွဲမှုလောက် လူသိမများ ခဲ့ပေ။ ဘာလိုလိုနှင့် ယခုဆို အဆိုပါ လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တာ (၂၇)နှစ် ရှိခဲ့လေပြီ။ သို့သော် နှစ်တွေ ဘယ် လောက် ပြောင်းပြောင်း ဆပ်ပြာမှုန့်ဘူး လေး တစ်လုံးဖြင့် လေယာဉ် တစ်စီးလုံး ကို ပြန်ပေးဆွဲခဲ့ကြသော ရဲရင့်နှင့် ရဲသီဟ တို့၏ ဟိတ် ဟန်မှင်မောင်း ကောင်းပုံမှာ မြိတ်သူမြိတ်သားများအတွက် ပြောစမှတ် တွင်ခဲ့ရသလို ကမ္ဘာ့လေယာဉ်ပြန်ပေးဆွဲမှု သမိုင်းမှာ လည်း မှတ်တမ်းတင်ထိုက်သော ထူးခြား ဖြစ်ရပ်တစ်ခု ဖြစ်ပါလိမ့်မည်။