ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း ဘတ် ဘီလီယံ ၁၀၀ ကျော်ရှိကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jatuporn Buruspat က ယနေ့ ဩဂုတ်လ ၂၀ ရက်တွင် ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ထိုင်း-မြန်မာ နယ်စပ်ခရိုင် ခုနစ်ခုက နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၁၀၅ ဒသမ ၁၄ ဘီလီယံဘတ် (ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံကျော်) ရှိကြောင်း ၎င်းက ဆိုသည်။
ယင်းအနက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကုန်တင်ပို့မှုသည် ၆၃ ဒသမ ၅၇ ဘီလီယံဘတ်ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ကုန်တင်ပို့မှုသည် ၄၁ ဒသမ ၅၇ ဘီလီယံရှိကြောင်း ဝန်ကြီးက ပြောဆိုသည်။
မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု အများဆုံးဖြစ်ပြီး ကုန်သွယ်မှုတန်ဖိုး ဘတ် ၄၅ ဘီလီယံကျော်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ယင်းအပြင် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ စန်ခရာဘူရီနယ်စပ်ဂိတ်က ဘတ် ၃၂ ဘီလီယံကျော်၊ ရနောင်းဂိတ်က ဘတ် ၁၈ ဘီလီယံကျော်၊ မယ်ဆိုင်ဂိတ်က ဘတ် ၈ ဘီလီယံကျော်၊ ဆင်ခွန်းဂိတ်က ဘတ်သန်း ၃၀၀ ကျော်၊ မယ်ဟောင်ဆောင်ဂိတ်က ဘတ် ၆၉၈ သန်းကျော်နှင့် ချင်းမိုင်နယ်စပ်ဂိတ်က ဘတ် ၁၀၄ သန်းကျော် ရှိကြောင်း ဖော်ပြသည်။
လက်ရှိ မြဝတီ-မဲဆောက် အမှတ် ၂ ကုန်သွယ်ရေးတံတားတွင် မြန်မာစစ်ကော်မရှင်ဘက်က ကုန်တင်ပို့မှု ပိတ်ထားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် ကုန်တင်ကားများစွာ ပိတ်မိနေသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီး Jatuporn Buruspat က ထပ်လောင်းပြောသည်။
ထိုင်းဘက်ခြမ်းတွင် ကွန်တိန်နာ ကုန်တင်ကားများ ရက်ရှည်ပိတ်မိနေသဖြင့် ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနက မြန်မာကုန်သွယ်ရေးသံအရာရှိနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြရေး ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းဘက်ခြမ်းက တင်ပို့သော ကုန်ပစ္စည်းများအားလုံးသည် မြန်မာစည်းမျဉ်းစည်းကမ်းများနှင့်အညီ သွင်းကုန်လိုင်စင် (Import License) လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
တံတားကို ဩဂုတ်လ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ရန်ကုန်မြို့ရှိ ထိုင်းကုန်သွယ်ရေးစင်တာထံမှ သိရပြီး နောက်ပိုင်းတွင် သွင်းကုန်များနှင့် ပတ်သက်၍ မှောင်ခိုတင်သွင်းခြင်းရှိမရှိ မြန်မာနိုင်ငံဘက်က ပိုမိုတင်းကျပ် စစ်ဆေးသွားရန် ရှိနေကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်ကတည်းက မဲဆောက်-မြဝတီ အမှတ် ၂ ကုန်သွယ်ရေးတံတားတွင် ကုန်တင်ကားများဖြင့် ကုန်စည် တင်သွင်းခွင့်ကို မြန်မာ စစ်ကော်မရှင်က ပိတ်ပင်ခဲ့သည်။
ထို့ကြောင့် ယင်းတံတားမှတစ်ဆင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး ထိုင်းပို့ကုန်တန်ဖိုး ဘတ်ငွေဘီလီယံနှင့်ချီ နစ်နာဆုံးရှုံးနေရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
လက်ရှိတွင် မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် လစဉ် ဘတ် ၇ ဘီလီယံကျော် (ဒေါ်လာ ၂၁၄ သန်းကျော်) ရှိနေကြောင်း ထိုင်းအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref: The Nation Thailand, Bangkok Biz News, Thairath







