ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညတွင် စစ်အာဏာရှင်တပ်က လက်နက်ကြီး ဖြစ်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြစ်၏ အရှေ့ဘက်ခြမ်း၌ရှိသော စစ်အာဏာရှင် အမြောက်တပ်ရင်း အမတ ၃၀၄ က ည ၉နာရီနှင့် ၁၀ နာရီ ကြားတွင် ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ရလိုင်ကျေးရွာကို လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
ရလိုင်ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် လူထိခိုက်မှု မရှိကြောင်း ဒေသခံ အမျိုးသားသမီးတစ်ဦးက ဆိုသည်။
“အိမ်တွေကို မီးရှို့ပြီးကတည်းက လက်နက်ကြီးနဲ့ ပစ်တာ အခုပထမဆုံးပဲ”ဟု ၎င်းက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သည် တိုက်ပွဲမရှိဘဲ ရလိုင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ရလိုင်ကျေးရွာအနီးဝန်းကျင်နှင့် ရလိုင်နှင့်တစ်ဆက်တည်းရှိသော ပုဂေါဇွန်းကျေးရွာ အနီးဝန်းကျင်တို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းနောက် စစ်အာဏာရှင်တပ်က ရလိုင်ကျေးရွာအတွင်း နေအိမ် ၅၃ ဆောင်နှင့် သစ်တိုထောင့်ကျေးရွာတွင် နေအိမ် ၅ ဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
တိုက်ပွဲပြီးနောက် ရလိုင်ကျေးရွာအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာ တစ်ဆယ်ကျော်မှာလည်း ယနေ့အထိ လျှပ်စစ်ဓာတ်အား ရက်ရှည်ပြတ်တောက်လျက်ရှိသည်။
အိမ်မီးရှို့ခံရသည့် ဒေသခံများမှာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးနီးစပ်ရာတို့ထံ ခိုလှုံနေရပြီး နေအိမ် တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များကိုမူ ပြန်လည်ပြုပြင်ပြီး နေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။







