သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ငါးရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံအချို့က ပြောသည်။
ယခုရက်ပိုင်းအတွင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်သလို ဖေဖော်ဝါရီလ ၁၉ရက်တွင် နှစ်ဖက် ပစ်ခတ်သံများ ကြားရပြီးနောက် ယခုကဲ့သို့ ဗုံးကြဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ချောက်ချောင်းရွာအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ စုံစင်ဖျား၊ ပြင်းဖြူသား ကျေးရွာ အနီးဝန်းကျင်များကိုလည်း Y12 လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
“စစ်ကောင်စီက ရေတပ်သင်္ဘောတွေကလည်း အဆက်မပြတ် လက်နက်ကြီးတွေနဲ့ ထုတယ်။ ဂျက်ဖိုက်တာတို့ Y12 တို့နဲ့လည်း နေ့စဉ်ရက်ဆက် ကြဲနေခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်ဖြင့်လည်း ကျေးရွာများဘက်ကို လှည့်ပတ်ပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူထိခိုက်မှု ရှိမရှိ မသိရေသေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံအချို့က ပြောသည်။
အဆိုပါဒေသတွင် စစ်အာဏာရှင်တပ်က အင်အား ၂၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေသလို ကနက်သီရိရွာ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ၎င်းတို့က ဆိုသည်။
ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၂ရက်၊ ၁၇ရက်၊ ၁၈ရက်နှင့် ၁၉ရက်တို့တွင်လည်း သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ကနက်သီရိ၊ ဝင်းဝ စသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ဝင်းဝစခန်းသည် သရက်ချောင်းမြို့ အောက်ဘက်ရှိ မှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာအထိ မြိတ်-ထားဝယ်ကားလမ်း အမှတ်(၈)ပြည်ထောင်စုလမ်းတစ်လျှောက်တွင် တစ်ခုတည်း ကျန်ရှိနေသည့် စစ်အာဏာရှင်တပ်စခန်းဖြစ်သည်။







