ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ခန္တီအုပ်စုရှိ စစ်စခန်းတစ်ခုကို KNLA နှင့် DNLA တိုက်ခိုက်သိမ်းယူပြီးနောက် လေယာဉ်ဖြင့်ဗုံးကြဲ

February 20, 2026

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု၊ တောင်ခေါင်းလောင်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းတစ်ခုကို KNLA အထူးတပ်ဖွဲ့နှင့် DNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၇ရက်တွင် တိုက်ခိုက် ကြခြင်းဖြစ်သည်။

နံနက် ၅ နာရီခွဲခန့်မှစ၍ တိုက်ပွဲစဖြစ်ကာ တိုက်ပွဲကြာချိန် တစ်နာရီ ခန့်ကြာမြင့်ခဲ့ကာ သိမ်းဆည်းနိုင်ခဲ့ပြီးနောက် လေကြောင်းဖြင့် တိုက်ခိုက်သော်လည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က သုံးဦးသေဆုံးကာ စခန်းစွန့်ပြေးသဖြင့် တာဝေးဗုံးသီး ဆယ်လုံးအပါအဝင် စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံနှင့်တကွ အထက်ပါအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်တပ်ဘက်ကလည်း တိုက်ပွဲပြီးနောက် ဂျက်ဖိုက်တာဖြင့် တောင်ခေါင်းလောင်းရွာ ဝန်းကျင်သို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်မှာ ပြည်သူလူထုထိခိုက်မှု မရှိပါဘူး။ တတ်နိုင်သလောက် လူထုကို ကျေးရွာထဲက ကယ်ထုတ်ပြီးမှ တိုက်ပွဲဖော်ဆောင်ခဲ့တာပါ။ ကြဲတာက ဂျက်ဖိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။

တောင်ခေါင်းလောင်းတိုက်ပွဲနှင့် တပြိုင်နက် ပုလောမြို့နယ်၊ တောင်ယာကမ်းရွာရှိ စစ်အာဏာရှင်တပ် ကင်းစခန်းကိုလည်း KNLA အထူးတပ်ဖွဲ့က ဝင်တိုက်ခိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က သုံးဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကော်မရှင် ဝါဒဖြန့် ဝက်ဘ်ဆိုက်နှင့် လော်ဘီချန်နယ်များတွင်မူ ဖေဖော်ဝါရီလ ၁၇ ရက်က တောင်ခေါင်းလောင်းရွာ ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ဖော်ပြနေကြပြီး ထိခိုက်မှု အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch က သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

တောင်ခေါင်းလောင်းစခန်းတွင် ယခင်က စစ်အာဏာရှင်တပ်အင်အား ၃ဝ ဝန်းကျင်ရှိပြီး တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်တွင် အင်အားရာဂဏန်းဖြင့် တောင်ခေါင်းလောင်းစခန်းကို နေရာပြန်ယူထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ခန္တီကျေးရွာအုပ်စုသည် ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲအတွင်းက ကျွန်းတစ်ကျွန်းပေါ်တွင်တည်ရှိပြီး ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာများဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုဖြစ်သည်။